
ချောင်းဦးနယ် ဆင်မြေနဲ့ ငါးလုံးတင်ရွာကို လေးရက်ဆက် မီးရှို့လို့ ဘုရားစေတီ၊ သာသနိက အဆောက်အအုံတွေ အပါအဝင် အိမ်ခြေ ၂၀၀ ပြာကျ၊
MN/MFP ၊ ဇွန် – ၁၁
စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့အနီး ချောင်းဦးမြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဆင်မြေကျေးရွာအတွင်း မီးရှို့ဖျက်ဆီးရာမှာ ရွာခံပြည်သူတွေ ကိုးကွယ်တဲ့ ရှေးဟောင်းနှီးဘုရား ရုပ်ပွားတော်ကြီးနဲ့ သာသနိက အဆောက်အအုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ချောင်းဦးမြို့နယ်၊ မုံရွာ – ချောင်းဦး – ရေစကြို ကားလမ်းတလျှောက်၊ ချောင်းဦးနယ် တောင်ခြမ်းနဲ့ အရှေ့ခြမ်းရှိ ကျေးရွာတွေကို မေလ ၃၁ ရက်ကနေ ဇွန် ၁၂ ရက်ထိ ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုတွေဟာ ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာတွေကို လေးရက်ဆက် စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။

ဆင်မြေကျေးရွာကို ဇွန် ၉ရက်ကနေ ၁၂ရက်အထိ စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းလုယက် ခိုးယူပြီးနောက် နေအိမ်တွေ မီးရှို့ဖျက်ဆီးတဲ့ စစ်အုပ်စုဟာ ဆင်မြေကျေးရွာအတွင်းရှိ ပြည်သူအများ ကိုးကွယ်ပူဇော်နေတဲ့ ရှေးဟောင်း နှီးဘုရာကြီးဖြစ်တဲ့ လာဘမုနိ ချမ်းသာကြီး မြတ်စွာဘုရား (နှီးဘုရားရုပ်ပွားတော်)နဲ့ ဂန္ဓကုဋိတိုက်တော်ကိုပါ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
“အမျိုးဘာသာ၊ သာသနာကို ခုတုံးလုပ်နေတဲ့ မအလကျွန် အကြမ်းဖက်စစ်တပ်ဟာ ချောင်းဦးမြို့နယ် ဆင်မြေကျေးရွာကို မီးရှို့ဖျက်ဆီးရာမှာ ချမ်းသာကြီးလာဘမုနိ မြတ်စွာဘုရား ဂန္ဓကုဋိတိုက်တော်နဲ့ ချမ်းသာကြီး ရုပ်ပွားတော်ကိုပါ မီးရှို့ဖျက်ဆီးခဲ့တာပါ။ လောကသုံးပါးရဲ့ဆရာ ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရဲ့ ဂန္ဓကုဋိတိုက်တော်တောင် မအလလက်ချက်နဲ့ မီးဘေးသင့်တော်မူရရှာတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုဟာ ဆင်မြေနဲ့ ငါးလုံးတင်ကျေးရွာတွေကို လေးရက်ဆက် စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီးနောက် စစ်ကားတွေနဲ့ သယ်ထုတ်ကာ နေအိမ်နဲ့ သာသနိက အဆောက်အဆုံတွေကို လေးရက်ဆက် စိမ်ပြေနပြေ မီးရှို့ဖျက်ဆီးတာဖြစ်သလို ရွာထဲက ပြန်ထွက်ချိန်မှာလည်း ရွာကို မီးတိုက်ခဲ့တာလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“စစ်ကြောင်းက ဒီနေ့မနက်ကပဲ ထွက်သွားပြီဗျ။ မနက် ၉ နာရီလောက်မှာ ထွက်ရင်းနဲ့ကို မီးရှို့ သွားခဲ့သေးတာဗျ။ အခု စစ်ကြောင်းကတော့ ချောင်းဦးမြို့ပေါ် ရောက်သွားပြီ။ မီးလောင်သွားတဲ့ အိမ်ခြေတွေ အသေးစိတ် အတိအကျကတော့ ကောက်ယူနေဆဲပါ။ အခုလောလောဆယ် ခန့်မှန်း သိရသလောက်ဆိုရင် ဆင်မြေရွာက အိမ်ခြေ ၁၅၀ ကျော်လောက်နဲ့ ငါးလုံးတင်ကတော့ အိမ်ခြေ ၂၅ လုံး ကျော်လောက် ရှိတယ်လို့တော့ သိထားရတယ်” လို့ ချောင်းဦးနယ်ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဆင်မြေရွာနဲ့ ငါးလုံးတင်ရွာရှိ ပစ္စည်းပိုင် တန်ဘိုးရှိ ပစ္စည်းတွေကိုတော့ စစ်အုပ်စုက စစ်ကားတွေနဲ့ တင်ကာ ချောင်းဦးမြို့ပေါ်ရှိ စစ်စခန်းနဲ့ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ခိုးယူ သယ်ထုတ်သွားတယ်လို့ နောက်ထပ် ချောင်းဦးနယ်ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ အဲဒီရွာတွေထဲက ပစ္စည်းတွေကို ကားတွေနဲ့ သူတို့ (စစ်အုပ်စု) ခိုးယူပြီးတော့ တချို့ကိုတော့ ချောင်းဦးမြို့ပေါ်ကို သယ်လိုက်ပို့လိုက်၊ မုံရွာ(နမခ)ကို သယ်လိုက်နဲ့ပေါ့ လုပ်နေကြတာ”

ဆင်မြေ၊ ငါးလုံးတင်နဲ့ မထိသာ ကျေးရွာတွေဟာ ချောင်းဦး-ရေစကြို ကားလမ်းဘေးမှာ တဆက်တည်း တည်ရှိပြီး စုစုပေါင်း အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ ကျေးရွာအုပ်စုကြီး ဖြစ်ပါတယ်။
“ငါးလုံးတင်ကဆိုရင် အိမ်ခြေ ၈၀၀ ကျော် ရှိတယ်။ ဆင်မြေရွာကတော့ အိမ်ခြေ ၅၀၀ ကျော်ရှိတယ်။ မထိသာရွာရော ဆိုရင် ရွာသုံးရွာ စုစုပေါင်း အိမ်ခြေ ၂၀၀၀ ကျော် ရှိနိုင်တာပေါ့။ အဲဒီရွာတွေထဲက ငါးလုံးတင်ရွာ ဆိုရင် ဟိုအရင်တခါကလည်း (စစ်အုပ်စု) မီးရှို့ခံရလို့ အိမ်ခြေ ၁၈၀ ကျော်လောက် ပါသွားဖူးသေးတယ်” လို့ ချောင်းဦးဒေသခံက ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် အဲ့ဒီ ဆင်မြေ၊ ငါးလုံးတင်နဲ့ မထိသာရွာ အပါအဝင် မုံရွာ – ချောင်းဦး – ရေစကြို ကားလမ်းဘေးရှိ ငါးယှန်၊ နတ်ရေကန်၊ ဘလွေ၊ ကျောက်ဆစ်ကန်၊ ရွာတော်လေး၊ မှန်ချို၊ ထူးနီ၊ မင်းခေါင်၊ မင်းတည်၊ မကျီးခွ စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ တစ်သောင်းနီးပါး စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ၁၀ရက်ကျော် ကြာပြီ ဖြစ်ပါတယ်။


လက်ရှိမှာ ကျေးရွာတွေထဲကနေ စစ်အုပ်စု ပြန်ထွက်သွားပြီ ဖြစ်ပေမဲ့ ချောင်းဦးမြို့ပေါ်မှာ ဆက် ရှိနေသေးပြီး စစ်ကြောင်းထပ်ထိုးလာနိုင်ခြေ ရှိတာကြောင့် ပြည်သူတွေ နေရပ် မပြန်ရဲကြသေးဘဲ ဆက်လက် စစ်ဘေးရှောင် ထွက်ပြေးနေကြရဆဲဖြစ်ကာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်ထဲ ၁၀ရက်ကျော်ကြာ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ရွာတော်လေးကျေးရွာက အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲသတ်လို့ ဒေသခံတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။
မုံရွာ – ချောင်းဦး – ရေစကြို ကားလမ်းတလျှောက် PDF တွေ ရှိနေလို့ စစ်ကြောင်းထိုး၊ သတ်ဖြတ်၊ မီးရှို့ခဲ့ကာ PDF စခန်းတချို့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

အာဏာသိမ်း စစ်အုပ်စု မီးရှို့ ဖျက်ဆီးခဲ့တဲ့ ချောင်းဦးနယ် ဆင်မြေကျေးရွာရှိ ရှေးဟောင်း နှီးဘုရား ရုပ်ပွားတော်ကြီးနဲ့ ကျောင်းဆောင်အား တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #ချောင်းဦး #မီးရှို့ #ဆင်မြေရွာ



