စစ်ကိုင်းသတင်း

ရေဦးမှာ ပေါ်တာဆွဲခံရတဲ့ လူငယ်ခုနစ်ဦး စစ်အုပ်စုအစောင့်တွေကို ထိုးကြိတ်ပြီး ထွက်ပြေးလွတ်မြောက်လာ

MN/MFP ၊ ဇွန် – ၁၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ လူငယ်ခုနစ်ဦးဟာ စစ်အုပ်စုရဲ့ အစောင့်အကြပ်တွေကို ထိုးကြိတ်ရိုက်နှက်ပြီး ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သူတို့ကို လက်ခံကူညီပေးနေတဲ့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က MFP ကို ပြောပါတယ်။

ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရေဦးမြို့ပေါ်က အမှတ်(၂)အခြေခံပညာအထက်ကျောင်းမှာ ထိန်းသိမ်းခံထားရတဲ့ အသက် ၂၀ နဲ့ ၃၀ ဝန်းကျင် လူငယ်ခုနှစ်ဦးဟာ ဇွန်လ ၁၄ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းတွေက သူတို့(လူငယ်ခုနှစ်ဦး)ကို အားကောင်းမောင်းသန်တွေက စောင့်တာပေါ့။ အခုရက်ပိုင်းတွေကျတော့ အသက်အရွယ်ကြီးတဲ့ အသက် ၅၀ ကျော်နဲ့ ၆၀ ကျော်လောက်ရှိတဲ့ အဖိုးကြီးတွေစောင့်တာ ဖြစ်သွားတယ်။ စောင့်နေတဲ့အဖိုးကြီးတွေကို ထိုးနှက်ပြီးတော့ ထွက်ပြေးလာခဲ့တာ။ သူတို့ထွက်ပြေးချိန်မှာ အဖိုးကြီးတွေဆီကနေ လက်နက်ယူလိုက်ပေမဲ့ မြို့ပေါ်မှာကျန်ခဲ့တဲ့မိသားစုကို အန္တရာယ်ပေးမှာစိုးလို့ ပြန်ထားခဲ့တယ်လို့လည်း သိရတယ်”လို့ ရေဦးမြို့နယ်-ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ လူငယ်ခုနစ်ဦးမှာ ငါးဦးဟာ ရေဦးမြို့ပေါ်ကဖြစ်ပြီး နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်းခံရတာလို့ ဆိုပါတယ်။

ကျန်တဲ့ သုံးဦးမှာ နှစ်ဦးက ကျေးရွာဘက်ကနေ ရေဦးမြို့ပေါ်မှာ မှတ်ပုံတင်လာရောက်လုပ်ဆောင်စဉ် ပေါ်တာဆွဲခံရတာဖြစ်ပြီး နောက်ဆုံးတစ်ဦးကတော့ မန္တလေးကနေ စစ်ကိုင်းမြို့ကိုအသွား ရတနာပုံတံတားအနီး နှာပေါက်(ဒေသအခေါ်)နေရာမှာ ပေါ်တာဆွဲခံရတာလို့ ပကဖတာဝန်ရှိသူက ဆက်ပြောပါတယ်။

သူတို့အားလုံး ဖမ်းဆီးခံထားရတာ ၁၅ ရက်နဲ့ ရက် ၂၀ ဝန်းကျင်လောက်ရှိပြီလို့လည်း ဆိုပါတယ်။

“မြို့ပေါ်က လူငယ်ငါးယောက်ကတော့ မြို့ပေါ်ကိုပြန်နေလို့ အဆင်မပြေတော့ သူတို့ကို မိသားစုလိုက် ခေါ်ထားပြီးတော့ အလုပ်အကိုင်တွေရဖို့ ကူညီပေးသွားမှာပါ။ ကျန်တဲ့နှစ်ယောက်ကတော့ ရွာကဆိုတော့ သူတို့ရွာ သူတို့ပြန်နေကြမှာပါ”လို့ ရေဦး-ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ရေဦးမြို့ပေါ်မှာ စစ်အုပ်စုဟာ မကြာခဏဆိုသလို နေအိမ်တွေထဲအထိဝင်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် လူငယ်အများစုဟာ မြို့ပေါ်မှာမနေရဲကြတော့ဘဲ ဘေးကင်းရာကို ပြောင်ရွှေ့နေထိုင်နေကြတယ်လို့လည်း မြို့ခံတွေက ဆိုထားပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်းကလူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ တပ်သားသစ်စုဆောင်းနေပြီး စစ်သင်တန်းပေးနေခဲ့တာ အခုဆိုရင် သင်တန်းအပတ်စဉ် ၂၅ အထိ ရောက်ရှိခဲ့ပြီး အပတ်စဉ် ၂၃ အထိ သင်တန်းဆင်းထားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းက စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို တွေ့ရစဉ် (ဓာတ်ပုံ – စစ်အုပ်စု)

MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#မင်းအောင်လှိုင် #တရုတ်ခရီးစဉ် #MOU

Related Articles

Back to top button