မန္တလေးသတင်း

အပြေးပြိုင်ပွဲ အမှတ်တရထုတ် အင်္ကျီမှာ “81” စာလုံးတွေ့လို့ဆိုပြီး ဝတ်ဆင်ထားသူကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီး

Phoenix/MFP ၊ ဇွန် – ၁၉

မန္တလေးမြို့က အမျိုးသားတစ်ဦး ဝတ်ဆင်ထားတဲ့အင်္ကျီပေါ်မှာ “81” စာလုံးတွေ့လို့ဆိုပြီး စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးမှု ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ အမျိုးသားဟာ အထက်ပါအင်္ကျီဝတ်ဆင်ပြီး အပြေးလေ့ကျင့်ခန်းလုပ်နေစဉ် စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့ဖြစ်တာကြောင့် အထက်ပါအမျိုးသားကို မွေးနေ့ကမ်ပိန်းပါဝင်လှုပ်ရှားသူလို့ စစ်အုပ်စုကထင်မှတ်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ကောက်ချက်ချကြပါတယ်။

ဒီအမျိုးသားဝတ်ဆင်ထားတဲ့ အင်္ကျီရဲ့ မူလပိုင်ရှင် 81 Electronic ကုမ္ပဏီကတော့ အထက်ပါအင်္ကျီဟာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က မန္တလေးမြို့ ၈၁ လမ်းမှာပြုလုပ်ခဲ့တဲ့ “81 ELECTRONICS 10K FUN RUN” အပြေးပြိုင်ပွဲရဲ့ အမှတ်တရဝတ်စုံဖြစ်တယ်လို့ ဆိုထားပါတယ်။

“81” နံပါတ်ပါဝင်နေတာကလည်း မန္တလေးမြို့ ၈၁ လမ်းမှာ စတင်ဖွင့်လှစ်ခဲ့တာကို အစွဲပြုပြီး ပေးထားတာလို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်အုပ်စုနဲ့သူ့ရဲ့လော်ဘီတွေကတော့ အင်္ကျီပါ “81”ဂဏန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “၈၁” နှစ်ပြည့် မွေးနေ့လှုပ်ရှားမှုလို့စွပ်စွဲပြီး အခုလိုရိုက်နှက်ဖမ်းဆီးခံရမှုအပေါ် လှောင်ပြောင်ရေးသားနေကြတာ တွေ့ရပါတယ်။

ဒါ့အပြင် တခြားအရပ်သား ပြည်သူလူထုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့‌မွေးနေ့လှုပ်ရှားမှုမှာ ပါဝင်ရင် ထောင်ချမယ်လို့ ခြိမ်းခြောက်ရေးသားနေတာကိုလည်း တွေ့ရပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ မန္တလေးမြို့တင်မကဘဲ ရန်ကုန်အပါအဝင် တခြားမြို့ကြီးတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့လှုပ်ရှားမှုအတွင်း ပြည်သူတွေပါဝင်မှာစိုးလို့ စစ်အုပ်စုဘက်က ပိတ်ဆို့စစ်ဆေးမှုတွေ ခပ်စိတ်စိတ်လုပ်နေတာတွေ့ရပါတယ်။

ဓာတ်ပုံ – 81 Electronic ဖေ့ဘွတ်စာမျက်နှာ (ပုံ ၁ ပါ အမျိုးသားမှာ ဖမ်းဆီးခံရသူဖြစ်)

Related Articles

Back to top button