မြင်းခြံ မလှိုင်မှာ စစ်အုပ်စုကို တိုက်ခိုက်ရာ အများအပြား သေ၊ သုံ့ပန်း ၁၀ ယောက် မိ၊ လက်နက်ခဲယမ်းနဲ့ ဒရုန်းတွေ အများအပြား ရ၊

MN/MFP၊ ဇူလိုင် – ၃
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ အများအပြား သေပြီး သုံ့ပန်း ၁၀ ယောက် ဖမ်းမိသလို လက်နက်ခဲယမ်းနဲ့ ဒရုန်းတွေလည်း အများအပြား သိမ်းဆည်း ရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်က သတင်း ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂ရက် မွန်းတည့် ၁၂နာရီကျော်အချိန် မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာဘက် စစ်ကြောင်း ထိုးလာတဲ့ ရဲတပ်ရင်း (၈) တပ်ခွဲ (၁) ဒုတိယ ရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီးတဲ့ အင်အား ၁၁၀ ပါ စစ်အုပ်စု စစ်ကြောင်းကို PDF မန္တလေးတိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှူနဲ့ မြင်းခြံခရိုင်စစ်ဌာန တပ်ရင်းတွေ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် (ပကဖ) ၊ နွားထိုးကြီး မြို့နယ်(ပကဖ )၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးဖြင့် အနီးကပ် ပစ်ကူပေးခဲ့သော်လည်း မိမိတို့ ရဲဘော်များ၏ ရဲရင့်ပြတ်သားစွာ တိုက်ခိုက်မှူကြောင့် ရန်သူ့တပ်သား နှစ်ဦး မျက်မြင် သေဆုံးပြီး စစ်သုံံ့ပန်းအဖြစ် ၁၀ ဦး လက်နက်ချ အညံ့ခံခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့ထံမှ လက်နက်နှင့် စိန်ပြောင်းမျိုးစုံ ၂၀ လက်၊ ဒရုန်းနှင့်ဆက်စပ် ပစ္စည်းများ၊ ခဲယမ်းပစ္စည်းမျိုးစုံ သိမ်းပိုက် ရရှိခဲ့သည်” လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။


အထိနာတဲ့ စစ်အုပ်စုဟာ နွားထိုးကြီးနဲ့ တောင်သာနယ် ကျေးရွာတွေကို ဗုံးပတ်ကြဲနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက စိတ်ထင်ရာနေရာတွေကို ဗုံးပတ်ကြဲနေလို့ မြင်းခြံခရိုင်နဲ့ မိတ္ထီလာခရိုင်အတွင်းရှိ ဒေသခံပြည်သူတွေ လေကြောင်းအန္တရာယ်ကို အထူး သတိထားကြဖို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက သတိပေး တိုက်တွန်းထားပါတယ်။





MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #မန္တလေး #မိတ္ထီလာ #မလှိုင်



