
ဖမ်းမိသူတွေဟာ ပျူအစစ် မဟုတ်ဘဲ အတုတွေလို့ဆို၊
သောင်းကျန်းနေတဲ့ ပျူတွေကို ထိန်းပေးဖို့ တိုင်းလွှတ်တော်မှာ မေးမြန်းပြီးနောက် မန္တလေးမှာလည်း ပျူအချင်းချင်း ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေ၊
Phoenix/MFP ၊ ဇူလိုင် – ၃
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ခရီးသွားပြည်သူနဲ့ အရပ်သားပြည်သူတွေကို ပေါ်တာဆွဲ၊ ဖမ်းဆီး၊ ငွေညှစ်နေတာနဲ့ ပတ်သက်ပြီး ပြည်သူ့စစ် ခေါ် ပျူစောထီးတွေ အချင်းချင်း ပြန်လည်ဖမ်းဆီးလို့ လေးယောက် အဖမ်းခံရကာ ဖမ်းမိသူတွေဟာ ပျူအစစ်မဟုတ်ဘဲ အတုတွေဖြစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ဇွန် ၂၆ရက်က မိတ္ထီလာ – မြင်းခြံကားလမ်း၊ မြင်းခြံဘက်ထွက် လမ်းပေါ်မှာ ဆိုင်ကယ်ကယ်ရီ သမားတစ်ဦးကို ပေါ်တာဆွဲ ငွေညှစ်မှုနဲ့ ပတ်သက်ပြီး အဝေမတည့်ဖြစ်ရာက ဇွန် ၃၀ရက်မှာ ပျူလေးယောက်ကို ပျူတွေက အချင်းချင်း ပြန်လည် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“၎င်းအဖွဲ့အား ဖမ်းဆီးရမိစဉ် လိုင်စင်မဲ့ကား တစ်စီးနှင့် ကားပေါ်တွင် ပြည်သူ့စစ် ဘက်တံဆိပ်ပါ ယူနီဖောင်း တို့အား တွေ့ရှိခဲ့ရပါသည်။ ၎င်းတို့ လပြတ်တည်းခို နေထိုင်နေသော တည်းခိုခန်းအား ဝင်ရောက် ရှာဖွေရာ မူးယစ်ဆေးများနှင့် မူးယစ်ဆေးအသုံးပြုသော ပစ္စည်းများလည်း တွေ့ရှိခဲ့ပါသည်။ ၎င်းအဖွဲ့သည် မိတ္ထီလာမြို့ခံများ မဟုတ်ဘဲ ပျော်ဘွယ်နှင့် မန္တလေးမြို့ဘက်တို့မှ လာရောက်ပြီး ပြည်သူ့စစ်အယောင်ဆောင်၍ လူဖမ်းငွေညှစ်လိမ်လည်နေသောသူများ ဖြစ်ကြောင်း သိရှိရပါသည်” လို့ မိတ္ထီလာ ပျူခေါင်းဆောင် ဇော်ယုထွန်း ဆိုသူက လူမူကွန်ယက်မှာ ဖော်ပြပါတယ်။

စစ်အုပ်စု ကြီးစိုးရာ မိတ္ထီလာမြို့မှာ စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူတွေကလည်း ထင်တိုင်းကျဲ ကြီးစိုး သောင်းကျန်းနေပြီး ပေါ်တာဆွဲငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ လုယက်ဓားပြတိုက်တာတွေကို နေ့ရောညပါ ကျူးလွန်နေကြကာ ယခု ပျူအချင်းချင်း ဖမ်းဆီးမှုဟာည်း အဝေမတည့်လို့ အဖွဲ့ကြီးသူက အဖွဲ့ငယ်ကို အဖမ်းပြတာမျိုး ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
ပျူအတု လေးယောက်ကို အချင်းချင်း ဖမ်းဆီးလိုက်တယ်ဆိုပေမဲ့ မိတ္ထီလာမြို့တွင်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပြီး ပြည်သူတွေ နေအိမ်အပြင်ထွက်ဖို့တောင် စိုးရိမ်နေကြဆဲလို့ မြို့ခံတွေက ဆိုပါတယ်။
“သူတို့က စစ်ကားကို လူမသိတဲ့နေရာမှာ ရပ်ထားပြီးမှ ဆွဲတာ။ ဒီဘက်ကလူတွေဆို တော်တော်နဲ့ မထွက်ရဲကြဘူး။ အရင်က ညနေပိုင်းဆို သတိထားရတယ်၊ အခုတော့ နေ့ဘက်တွေပါ ဆွဲနေတယ်” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

မိတ္ထီလာမြို့အဝင်အထွက်တွေမှာ အုပ်စုဖွဲ့ ပေါ်တာဆွဲ၊ ငွေညှစ်နေတဲ့ ပျူတွေကို အချင်းချင်း ပြန်ဖမ်းထားတယ်ဆိုပေမဲ့ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ ပေါ်တာဆွဲ၊ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဖြစ်စဉ်တွေ ဆက်ရှိနေပြီး လူသွားလူလာလည်း နည်းပါးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မိတာက မိတာပဲ။ အဲဒီလို ဆွဲတဲ့လူတွေ အများကြီးပဲ။ ဒီဘက်မှာ အသက် ၄၀ ကျော်တဲ့သူတောင် မှတ်ပုံတင် ပြပြီးမှ ပြန်လွှတ်ပေးတာတွေ ရှိတယ်” လို့ နောက်ထပ်မြို့ခံတစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုနဲ့ ပျူတွေဟာ မိတ္ထီလာမြို့ အဝင်အထွက် ဂိတ်တွေမှာ ပေါ်တာဆွဲ၊ ငွေညှစ်သလို မြို့တွင်း လမ်းသွားလမ်းလာတွေကိုလည်း ပေါ်တာဆွဲ၊ ငွေညှစ်ပြီး ကားဂိတ်တွေနဲ့ တက္ကစီစီးသူတွေကိုလည်း ပေါ်တာဆွဲ၊ ငွေညှစ်၊ မိုက်ကြေးခွဲလေ့ ရှိတယ်လို့ ဆိုပါတယ်။
“ဟိုတနေ့က ဂျပန်သင်တန်းတက်တဲ့ ညီလေးတစ်ယောက် အပြန်မှာ ဆွဲခံရပြီး မိသားစုက ငွေကျပ် သိန်း ၄၀ လောက် ပေးပြီး ၁၁၃ တပ် (ခြေမြန်တပ်ရင်း ၁၁၃) ကနေ ပြန်ရွေးခဲ့ရတယ်လို့ ကြားတယ် ” လို့ မိတ္ထီလာမြို့ခံ တစ်ဦးက ပြောပါတယ်။

မိတ္ထီလာမြို့ ခမရ ၁၁၃ ဟာ ပေါ်တာအဆွဲကြမ်းတဲ့ တပ်ရင်းတစ်ခု ဖြစ်ပြီး မိတ္ထိလာသာမက ဝမ်းတွင်း၊ မလှိုင်နဲ့ ကျောက်ပန်းတောင်း စတဲ့ ဒေသတွေအထိပါ ပေါ်တာလိုက်ဆွဲကာ ဖမ်းမိသူတွေကို ခမရ ၁၁၃ ထဲ ယာယီ ထိန်းသိမ်းထားပြီး ငွေနဲ့ လာရွေးသူကို ပြန်လွှတ်ပေးကာ ငွေမပေးနိုင်သူကို ရှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့ရှိ စစ်သင်တန်းကျောင်းဆီ ပို့လွှတ်နေတဲ့ တပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းအတွင်း ပြည်သူကို ဖမ်းဆီးငွေညှစ်၊ လက်နက်ပြ မိုက်ကြေးခွဲ၊ ဓားပြတိုက် လုယက်နေတဲ့ ပျူတွေဟာ မန္တလေးနန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ က တိုက်ရိုက်ကိုင်တွယ်တာမို့ စစ်အုပ်စု ရဲတွေက မဖမ်းရဲဘဲ လက်ပိုက်ကြည့်နေရတာ ဖြစ်တယ်လို့ စစ်အုပ်စု အသိုင်းအဝိုင်းက ဆိုပါတယ်။
မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းအတွင်း ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ပြည်သူ့စစ်တွေကို ထိန်းသိမ်းကြပ်မတ်ဖို့ ဇွန် ၁၀ရက်က လုပ်တဲ့ စစ်အုပ်စုရဲ့ မန္တလေးတိုင်း လွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့ရာ ပြည်သူ့စစ်တွေကို လပခ က တိုက်ရိုက်ကိုင်တွယ်တာ ဖြစ်ကြောင်း စစ်အုပ်စုက ပြန်လည် ဖြေကြားပြီးနောက် အခုလို ပျူတွေ အချင်းချင်း ပြန်လည် ဖမ်းဆီးတာ၊ ရဲက ဖမ်းဆီးတာတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဇွန် ၁၀ ရက် ညပိုင်းက မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ ပြည်သူကို ဓားထောက်လုယက်နေတဲ့ ပျူနှစ်ယောက်ကို စစ်အုပ်စု ရဲက လက်ပူးလက်ကြပ် အဖမ်းပြခဲ့သလို ဇွန် ၂၂ရက်ကလည်း မန္တလေးမြို့ပေါ် လုယက်မှု ကျူးလွန်နေတဲ့ ပျူ သုံးယောက်ကို ပျူအချင်းချင်း ပြန်လည် ဖမ်းဆီးခဲ့ပါတယ်။
စစ်အုပ်စု တိုင်းလွှတ်တော်မှာ ဆွေးနွေးချက်အရ မန္တလေးမြို့နဲ့ မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့စစ်တွေဟာ အသက်မပြည့်သေးတဲ့ လူငယ်တွေနဲ့ ကျောင်းသားတွေကိုပါ ပေါ်တာဆွဲနေသလို ပြည်သူကို ဖမ်းဆီးငွေညှစ်တာတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၁ နှစ်ကုန်ပိုင်းက စတင်ပြီး မန္တလေးမြို့ပေါ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးတိုင်းကို ပျူစောထီးခေါင်းဆောင်အဖြစ် ခန့်အပ်ကာ လက်နက် ထုတ်ပေးထားတာ ဖြစ်ပါတယ်။

မိတ္ထီလာမြို့မှာ ပြည်သူကို ပေါ်တာဆွဲ၊ ငွေညှစ်နေတဲ့ ပျူစောထီးတွေကို အချင်းချင်း ပြန်လည် ဖမ်းဆီးထားမှုနဲ့ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေး ငွေညှစ်နေတဲ့ ပျူတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #မန္တလေး #မိတ္ထီလာ #ပျူစောထီးခေါ်ပြည်သူ့စစ်



