စစ်ကိုင်းသတင်း

​မော်လိုက်နဲ့ ဖောင်းပြင်မှာ စစ်ရှောင် စျေးတန်းတွေကို စစ်အုပ်စု ဗုံးပတ်ကြဲလို့ ငါးဦးထက်မနည်း သေဆုံး၊

​ဝင်းသိန်း/MFP၊ ဇူလိုင် – ၄

​စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ မော်လိုက်နဲ့ ဖောင်ပြင်မြို့နယ်ထဲရှိ ရွှေမှော်တွေ၊ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့နေရာတွေရှိ စျေးတန်းတွေကို အာဏာသိမ်း စစ်အုပ်စုက မနေ့က ညနေပိုင်း တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲခဲ့ရာ လူ ငါးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေရှိသလို အိုးအိမ် ပျက်စီးမှုတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇူလိုင် ၃ရက် မွန်းလွဲပိုင်းအချိန် မော်လိုက်မြို့နယ်ရှိ အများပြည်သူ လုပ်ကိုင်စားသောက်နေတဲ့ ရိုးလာရွှေမှော်၊ စျေးတန်းကို စစ်အုပ်စုက တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ရာ ပြည်သူ တစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သလို နေအိမ် လေးလုံးလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

“ရိုးလာရွှေမှော်က စျေးတန်းပါ။ အရပ် သားပြည်သူတွေ နေတဲ့နေရာပါ။ တပ်ရင်း၊ တပ်ဖွဲ့တွေ နေတဲ့နေရာ မဟုတ်ပါ။ အဲမှာ ပြည်သူတစ်ယောက် သေတယ်။ အိမ်လေးဆောင် ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီ လော်ဘီတွေက စျေးတန်းတွေမှာ တော်လှန်ရေး တပ်ဖွဲ့တွေက အခွန် ကောက်နေတယ်ဆိုပြီး ဝါဒတွေ ဖြန့်တာရှိလို့။ ဒီလို တိုက်ခိုက်လာတာလို့ ထင်ပါတယ်”လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ ​

အဲ့ဒီနောက် ညနေ ၃ နာရီခွဲကျော်အချိန်မှာလည်း မော်လိုက်မြို့နယ် တိန်းသာကျေးရွာ ဘုန်းကြီးကျောင်းကို ဟုမ္မလင်းမြို့ကနေ ပျံတက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူငါးဦး ထက်မနည်း သေဆုံးတယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိန်းသာကျေးရွာဟာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေမဟုတ်ဘဲ စစ်အုပ်စု ကြီးစိုးထားတဲ့ နယ်မြေဖြစ်ပြီး ဗုံးထိမှန်လို့ ဘုန်းကြီးကျောင်းထဲ စခန်းချနေတဲ့ ပျူစောထီးတွေ အပါအဝင် လူငါးဦးထက်နည်း သေဆုံးတယ်လို့ သတင်းကြားပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“သူတို့လူ ပျူစောထီးတွေ ရှိတဲ့နေရာကို ကွက်တိမှားချတာဗျ။ ထိခိုက်သေဆုံးမှု တော်တော်များတယ်။ စစ်ကောင်စီရဲ့ အတွင်းသတင်း ဖြစ်နေတာမို့လို့ သေဆုံးသူ အရေအတွက် အတိအကျကိုတော့ လောလောဆယ် စုံစမ်းနေတုန်းပဲ” လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။

ဒါ့အပြင် မနေ့က ညနေ ၅ နာရီကျော်အချိန်မှာလည်း ဖောင်းပြင်မြို့နယ်မြောက်ပိုင်း၊ နန်းစက်ရွာအနီးကို ဟုမ္မလင်းဘက်က တက်လာတဲ့ Gyro စက်ရုပ်လေယာဉ် (Gyrocopter) နဲ့ စစ်အုပ်စုက ဗုံးကြဲ ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မန္တလေးနဲ့ မုံရွာကတဆင့် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘော အစီး ၂၀ ကျော် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေပြီး အဲ့ဒီ သင်္ဘောအုပ်စုအတွက် ကြိုတင် လမ်းကြောင်း ရှင်းတဲ့အနေနဲ့ ချင်းတွင်းအထက်ပိုင်းမှာ ဗုံးပတ်ကြဲနေတာလို့ ယူဆကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေပြီး မင်းအောင်လှိုင် စစ်ယူနီဖောင်းချွတ်ပြီး ပုဆိုးပြောင်းဝတ်တဲ့ကာလ ဧပြီ ၂၀ရက်ကနေ ဇွန် ၃၀ရက်အတွင်း နိုင်ငံတဝန်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု အကြိမ် ၁၁၄၀ ကျော် ကျူးလွန်ခဲ့ရာ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၇၇ ဦး သေဆုံးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မော်လိုက်မြို့နယ်ရှိ အများပြည်သူ လုပ်ကိုင်စားသောက်နေတဲ့ ရိုးလာရွှေမှော် စျေးတန်းနဲ့ ဖောင်းပြင်နယ်ထဲ စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အညာ #မော်လိုက် #ဖောင်းပြင်

Related Articles

Back to top button