စစ်ကိုင်းသတင်း

စစ်ကိုင်းယူနစ်လွှတ်တော်က တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေ အတည်ပြုခန့်အပ်၊တရားရေးဆိုင်ရာ စိန်ခေါ်မှုအတွက် ပြောင်းလဲမှု ဖြစ်လာမယ်လို့ဆို

ရွှေဥ/MFP၊ဇူလိုင်-၄

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က တရားသူကြီးချုပ် အပါအဝင် တရားသူကြီး ငါးဦးကို ဇူလိုင် (၃) ရက် မနေ့က အတည်ပြု ခန့်အပ်လိုက်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် တာဝန်ရှိသူတွေက MFP ကို ပြောပါတယ်။

ဇူလိုင် (၃) ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ နဝမမြောက် ပုံမှန်အစည်းအဝေးမှာ ခန့်အပ်ခဲ့တာပါ။

တရားသူကြီးချုပ်အဖြစ် မုံရွာမြို့နယ်က ဒေါ်အမာကြည်ကို ခန့်အပ်လိုက်တာဖြစ်ပြီး၊တရားသူကြီးတွေကိုတော့ ရွှေဘိုမြို့နယ်က ဒေါ်မေနှင်း၊ ဝက်လက်မြို့နယ်က ဒေါ် မြလေးဖြူ၊ မုံရွာမြို့နယ်က ဦးသွင်မြစံနဲ့ ကျွန်းလှမြို့နယ်က ဦးကေပိုင်တို့ကို ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီလို ခန့်အပ်ရာမှာ စစ်ကိုင်းယူနစ်လွှတ်တော်နဲ့ စစ်ကိုင်းယူနစ်ကြားကာလအစိုးရတို့မှ တာဝန်ရှိသူ သုံးဦးစီနဲ့ ဖွဲ့စည်းထားတဲ့ တရားသူကြီးလောင်းစိစစ်ရေးဆိုင်ရာပူးပေါင်းကော်မတီက ရွေးချယ်ခဲ့တာဖြစ်ပြီး တရားသူကြီး ကိုယ်စားလှယ်လောင်း (၁၄) ဦးထဲက ငါးဦးကို အတည်ပြု ခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်-အတွင်းရေးမှူး ဦးဇော်လှိုင်သိန်းက ပြောပါတယ်။

“ရွေးရတဲ့အခါမှာ အခြေခံမူ သုံးချက်ရှိတယ်။ နံပါတ်တစ်ကတော့ ယုံကြည်စိတ်ချရမှု။ ယုံကြည်စိတ်ချရမှုဆိုတာ တော်လှန်ရေးကာလဖြစ်တဲ့အတွက် လူသားရင်းမြစ်ရှားပါးတယ်။ ရှားပါးတဲ့အခါမှာ တော်လှန်ရေးအရ မြေပြင်အခြေအနေပေးထားချက်အရ ယုံကြည်စိတ်ချရသူကို ပထမဦးဆုံး ရွေးချယ်ပါတယ်။ နံပါတ်နှစ်ကတော့ စွမ်းဆောင်ရည်ရှိမှု။ ဒီတရားလွှတ်တော် တရားသူကြီးလောင်းတွေက မြို့နယ်တွေနဲ့ တရားသူကြီးတွေကို ဘယ်လောက် ယုံကြည်ရနိုင်သလဲအပေါ်မှာ မူတည်ပြီးတော့ အကဲဖြတ်ရွေးချယ်ခဲ့ပါတယ်။ နံပါတ်သုံးကတော့ အမျိုးသမီးပါဝင်နိုင်မှု ဖြစ်ပါတယ်။ ခန့်အပ်ခဲ့တဲ့ ငါးဦးမှာ အမျိုးသမီး သုံးဦးဖြစ်ပြီးတော့ အမျိုးသားနှစ်ဦး ဖြစ်ပါတယ်။ တရားလွှတ်တော်တရားသူကြီးချုပ်ကိုယ်တိုင် အမျိုးသမီးဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။

သာမန်ကာလမှာတောင် တရားဥပဒေစိုးမိုးမှုကို မနည်းတည်ဆောက်ခဲ့ရတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှာ လက်ရှိအချိန်မှာ စိန်ခေါ်မှုတွေ ပိုမိုပြင်းထန်နေတာကြောင့် စစ်ကိုင်းယူနစ်ရဲ့ အစိုးရ၊လွှတ်တော်၊ တရားသူကြီးချုပ်ဆိုတဲ့ မဏ္ဍိုင်သုံးခု ပေါင်းပြီး အနာဂတ်မှာ စစ်ကိုင်းတိုင်းအတွင်း တရားဥပဒေစိုးမိုးမှု လုပ်ငန်းစဉ်တွေကို ပိုမိုဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဦးဇော်လှိုင်သိန်းက ဆက်ပြောပါတယ်။

“လက်ရှိခန့်အပ်လိုက်တဲ့ တရားလွှတ်တော်ချုပ်နဲ့ တရားသူကြီးတွေက တရားရေးဆိုင်ရာ အတွေ့အကြုံရှိပြီးသား ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အပြင် လက်ရှိ မြေပြင်မှာလည်းပဲ တရားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေကြသူတွေ ဖြစ်တဲ့အတွက် တရားရေးဆိုင်ရာ စိန်ခေါ်မှုအတွက် ပြောင်းလဲမှုဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော်တို့က မျှော်လင့်ထားပါတယ်။” လို့ သူကဆိုပါတယ်။

မကြာခင်မှာတော့ အခုခန့်အပ်လိုက်တဲ့ တရားသူကြီးချုပ်နဲ့ တာဝန်ရှိသူတရားသူကြီးတွေထံကို မြို့နယ်တရားရုံးတွေ၊ ဥပဒေရုံးတွေနဲ့ အကျဉ်းထောင်၊အကျဉ်းသားဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက် လွှဲပြောင်းတာဝန်ပေးအပ်သွားမှာဖြစ်ပြီး တရားလွှတ်တော်ချုပ်ရဲ့ ဥပဒေတစ်ခုကိုလည်း ရေးဆွဲသွားဖို့ရှိတယ်လို့လည်း ဦးဇော်လှိုင်သိန်းက ပြောပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် နဝမမြောက်ပုံမှန်အစည်းအဝေးမှာ တရားသူကြီးချုပ်အပါအဝင် တရားသူကြီးငါးဦးကို အတည်ပြုခန့်အပ်တာအပြင် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ထားပါတယ်။

တရားသူကြီးချုပ်အပါအဝင် တရားသူကြီးတွေကို ခန့်အပ်အတည်ပြုခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် နဝမမြောက် ပုံမှန်အစည်းအဝေး/ဓာတ်ပုံ-စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်

Related Articles

Back to top button