မန္တလေးသတင်း

မလှိုင်မှာ အထိနာသွားတဲ့စစ်အုပ်စု အရပ်သားတွေနေတဲ့ကျေးရွာကို အကြောင်းမဲ့ဗုံးကြဲလို့ ပြည်သူလေးဦး သေဆုံး

MN/MFP ၊ ဇူလိုင် – ၄

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်တာခံရပြီး အထိနာသွားတဲ့စစ်အုပ်စုဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က မလှိုင်မြို့နယ်မြောက်ခြမ်းနဲ့ နွားထိုးကြီးမြို့နယ်အစပ်မှာရှိတဲ့ အိမ်ကြီးတောရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၁၀ ဦးအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာအထိနာခဲ့တဲ့ စစ်အုပ်စုဟာ အဲ့ဒီနေ့ညနေပိုင်းမှာပဲ နွားထိုးကြီးမြို့နယ်တောင်ခြမ်းက အိုးပုံတောရွာကို ဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ပြီး ည ၇ နာရီ ဝန်းကျင်မှာလည်း တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အိုးပုံတောရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ကျောင်းသူတစ်ဦးအပါအဝင် ဒေသခံပြည်သူလေးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရကာ နေအိမ် ၁၂ လုံး ပျက်စီးခဲ့တယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီကလည်း အသိပေးထားပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီနေ့ည ၁၀ နာရီခွဲလောက်မှာပဲ တောင်သာမြို့နယ်အထဲက လှည်းကူးမရွာကို လေကြောင်းနဲ့ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်က “တိုက်ပွဲဖြစ်ပြီးသွားတဲ့ ညနေနဲ့ညပိုင်းမှာ ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားခဲ့တာပါ။ တိုက်ပွဲက နေ့လယ်ပိုင်းမှာဖြစ်သွားတာ။ အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ထိခိုက်သေဆုံးတာတွေလည်း ရှိပါတယ်ဗျ။ အတိအကျတော့ မသိရသေးပါဘူး”လို့ ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့တိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်အုပ်စုဟာ မလှိုင်မြို့နယ်၊ ကျွဲခြံရွာက နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေသလို ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာလည်း ဉာဏ်ကန်ကျေးရွာက နေအိမ်တွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မလှိုင်မှာ စစ်အုပ်စုကို တိုက်ခိုက်ပြီး ရရှိခဲ့တဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ခဲလမ်းတွေ / ဓာတ်ပုံ – ပကဖ ၊ PDF

Related Articles

Back to top button