မန္တလေးသတင်း

ပုဂံညောင်ဦး တစ်ဖက်ကမ်း မြစ်ခြေနယ်မှာ စစ်အုပ်စု သတ်ဖြတ်ထားခဲ့တဲ့ ပုပ်ပွနေတဲ့ အလောင်း ၂၄ လောင်းတွေ့ထားပြီး ပျောက်ဆုံးနေသူတွေလည်းရှိနေ၊တစ်လအတွင်း ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အယောက် (၄၀) ဝန်းကျင်အသတ်ခံရ၊မြစ်ခြေစျေး အပါအဝင် အိမ်ခြေ (၁၀၀၀) နီးပါးလည်း မီး‌ရှို့ဖျက်ဆီးခံခဲ့ရ

‌အီသာရမ်/MFP၊ ဇွန် – ၄

ပုဂံ-ညောင်ဦး တစ်ဖက်ကမ်း မြစ်ခြေနယ်မှာ တစ်လနီးပါး စစ်ကြောင်းထိုး မီးရှို့သွားတဲ့ စစ်အုပ်စုက သတ်ဖြတ်ထားတဲ့ ဒေသခံပြည်သူအလောင်း ၂၄ လောင်းကို ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့ရှိရပြီး ပျောက်ဆုံးနေသူတွေလည်းရှိကာ အနည်းဆုံး ပြည်သူ အယောက် ၄၀ ထက်မနည်း သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မေလ ၁၀ ရက်က စပြီး ပုဂံ-ညောင်ဦးတစ်ဖက်ကမ်းက ပခုက္ကူနယ်၊ မြစ်ခြေဒေသကို စစ်အုပ်စုက ခန့်မှန်းအင်အား ၅၀၀ ခန့်နဲ့ တစ်လနီးပါးစစ်ကြောင်းထိုး မီးရှို့ကာ ရွာစဉ်ပတ်မွှေ သတ်ဖြတ်ခဲ့တာကြောင့် ဆွဲကြီးကျေးရွာမှာ ပုပ်ပွနေတဲ့ ပြည်သူအလောင်း ၁၃ လောင်းနဲ့ မြစ်ခြေမြို့ပေါ်တွေမှာလည်း အလောင်းတွေ တွေ့ရှိထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အလောင်းကတော့ လက်ရှိအချိန်ထိဆိုရင်တော့ ကျွန်တော်‌တို့ နယ်မြေရှင်းခါမှ တွေ့တာဆိုရင် ၂၄ လောင်းတွေ့တယ်၊အရင်တုန်းက ရှင်းထားတာ မပါသေးဘူး၊အခုဟာတင် ၂၄ လောင်းတွေ့တာ၊ဆွဲကြီးဘက်က ၁၃ လောင်းပေါ့၊ကျန်တဲ့ဟာတွေက မြို့ပေါ်ကပေါ့။” လို့ သူကဆိုပါတယ်။

စစ်အုပ်စုဟာ ပခုက္ကူမြို့ နဲ့ ညောင်ဦးမြို့အထိုင်တပ်တွေအပြင် ပျူစောထီးတွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းတွေနဲ့ပါ မြစ်ခြေနယ်ကို စစ်ကြောင်းထိုး သတ်ဖြတ်နေတာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့မှာတော့ မြစ်ခြေ မြို့ပေါ်ကနေ ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းက ဒေသခံပြည်သူတွေကို တွေ့တဲ့နေရာမှာတင် သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုလည်း မီးရှို့သတ်ဖြတ် မြေမြုပ်ခဲ့တာတွေ လုပ်ခဲ့တဲ့အတွက် မြစ်ခြေနယ်မှာ အသတ်ခံရတဲ့ ပြည်သူအရေအတွက်ဟာ အ‌‌‌ယောက် (၄၀) ထက်မနည်း ရှိနိုင်တယ်လို့ နယ်မြေရှင်းလင်းတဲ့ထဲမှာ ပါဝင်တဲ့ ဒေသခံတစ်ဦးက ခန့်မှန်းထားပါတယ်။

အဆိုပါစစ်အုပ်စုစစ်ကြောင်းဟာ တစ်လနီးပါး စစ်ကြောင်းထိုးချိန်အတွင်း ဆွဲကြီးကျေးရွာ ၊ရွာသာအေးကျေးရွာ ၊မြို့မရပ်ကွက်၊ ထနောင်းကုန်းကျေးရွာ၊မန်းကျည်းကုန်းကျေးရွာ စတဲ့ကျေးရွာတွေ အပါအဝင် ရွာ (၁၅)ရွာက နေအိမ် (၁၀၀၀) ခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး မြစ်ခြေမြို့ပေါ် စျေးကိုလည်း မီးရှို့ဖျက်ဆီးသွားတာကြောင့် ဈေးတစ်ခုလုံး မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးချိန် တစ်လဝန်းကျင်အတွင်း စစ်အုပ်စုရန်ကြောင့် ဒေသခံ လေးသောင်းနီးပါး စစ်ဘေးရှောင်ခဲ့ကြရပြီး လက်ရှိအချိန်မှာတော့ မြို့‌ပေါ်ရပ်ကွက်တချို့မှာသာ ပြန်လည်ဝင်ရောက်လာသူ အနည်းငယ် ရှိနေပြီး စစ်ရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လအတွင်း မြစ်ခြေနယ်မှာ စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေရှိခဲ့ပြီး စစ်အုပ်စုဘက်က တချို့ကို အရှင်ဖမ်းမိထားတာတွေရှိသလို သေဆုံးသူတွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း မြစ်ခြေနယ်ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့သွားစဉ်/ ဓာတ်ပုံ-ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

#မကွေး #ပခုက္ကူ #မြစ်ခြေ #စစ်ကြောင်းထိုးသတ်ဖြတ်

Related Articles

Back to top button