
နန်းယု / MFP ၊ မေ – ၁၉
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ စစ်အုပ်စုက အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် မြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ပြည်သူ တစ်သောင်းကျော်ဟာ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မေလ ၁၆ ရက်နေ့က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ သံပြားကာကားတွေနဲ့ ဘုတလင်နယ်ကို ဦးတည် ဝင်ရောက်လာခဲ့တာဖြစ်ပြီး မေလ ၁၈ ရက်နေ့မှာလည်း ကား၁၀စီးနဲ့ ထပ်မံအင်အားဖြည့် ရောက်ရှိလာတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဘုတလင်ထဲကို ၁၆ ရက်နေ့က စထွက်လာတဲ့ နမခ သံပြားကာကားတွေနဲ့ ၁၈ ရက်နေ့ ထပ်ဖြည့်လာတဲ့ ကား ၁၀ စီးထဲက စစ်သားတွေ မနေ့ညနေက ရောက်လာပါတယ်။ ထပ်တိုးလာတဲ့ အင်အားက ၁၅၀ ဝန်းကျင်လောက်ပဲ။ “လို့ သူကပြောပါတယ်။


အဆိုပါ စစ်အုပ်စု စစ်ကြောင်းကြောင့် မုံရွာ–ဘုတလင် လမ်းတစ်လျှောက်ရှိ ကျေးရွာတွေနဲ့ ဘုတလင်မြို့အနီး ပတ်ဝန်းကျင်က ရွာတွေက ပြည်သူ တစ်သောင်းကျော်ဟာ မေလ ၁၆ရက်နေ့က စတင်ကာ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။
“မြို့ထဲကိုတော့ စစ်အုပ်စုက အင်အားတိုးပြီး ထိန်းထားတယ်။ ဒါပေမယ့် ပြည်သူတွေက မနေရဲတော့ဘူး။ အခုဆိုရင် စစ်ရှောင်က တစ်သောင်းကျော် ရှိသွားပြီ” လို့ သူကပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မေလ ၁၆ ရက်နေ့က ဇီးတောအနောက်ရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး၊ မေလ ၁၇ ရက်နေ့မှာတော့ နှစ်ဖွဲ့ခွဲထွက်ကာ ကံသစ်ရွာဘက်ကို ရောက်နေခဲ့တာပါ။ ဒီကနေ့ မေ ၁၉ရက် နေ့လယ်ပိုင်းမှာတော့ အင်အားဖြည့် စစ်ကြောင်းတွေဟာ မြို့မြောက်ဘက် လွှဲဘူတာဘက်ကို ထွက်ခွါနေတယ်လို့ ဆိုပါတယ်။
“မြို့ထဲမှာ အရင်ကတည်းက တပ်စွဲထားတဲ့ အင်အားတွေနဲ့ ပေါင်းရင် စစ်အုပ်စုအင်အား ၂၅၀ ကနေ ၃၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်။ ဌာနဆိုင်ရာ ရုံးတွေကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့လည်း ကြားရပါတယ်။ ပြီးတော့ စိုင်ပြင်ကြီး၊ ဒီပဲယင်းဘက်ကို စစ်ကြောင်း ဆက်တက်လာနိုင်တယ်ဆိုပြီး စိုးရိမ်နေရတယ်။ မြို့အနီးရှိ မြောက်ကျီရွာ၊ ရှမ်းတဲရွာဘက်တွေမှာ ကင်းပုန်းထွက်တာတွေ လည်းရှိတော့ မေလ ၁၆ ရက်နေ့ကစပြီး ကျေးရွာအချို့မှာ စစ်ရှောင်နေကြရပါတယ်။ စစ်ကြောင်းရဲ့ အတိအကျ ဦးတည်ရာကို မသိရသေးပေမယ့် ဒီပဲယင်း၊ ကနီဘက် သို့မဟုတ် ဆက်သွယ်ရေးလမ်းကြောင်းတွေကို စိုးမိုးဖို့ ရည်ရွယ်ထားနိုင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ အဆိုပါစစ်အုပ်စုဟာ ဆက်လက်လှုပ်ရှားနိုင်တာကြောင့် ဘုတလင်မြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံတွေအနေနဲ့ အချိန်မီ ရှောင်ရှားကြဖို့ နဲ့ စစ်ရေးသတိရှိကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ဘုတလင်မြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာခန့်က ပြည်သူတွေ သောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရပြီး အစားအသောက်၊ ဆေးဝါးအပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလက စတင်ကာ ကနီမြို့နယ်ရှိ မုံရွာ–ယာကြီး–ကလေး လမ်းပိုင်း၊ ကနီ–ချောင်းမ–မုံရွာ လမ်းပိုင်းနဲ့ ဘုတလင်မြို့နယ်အတွင်း မုံရွာ–ဘုတလင်–ရေဦး လမ်းပိုင်းတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ လက်နက်အင်အား၊ စစ်သားအင်အား ရာချီ အသုံးပြုပြီး ထိုးစစ်ဆင်လာနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့အတွင်းက စစ်ဘေးရှောင်တချို့ (ပုံဟောင်း)/ ဓာတ်ပုံ-ဒေသခံ



