
MN/MFP ၊ ဇွန် – ၁၅
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာ ၃ ခုကို ၁၀ ရက်ကျော်ကြာ စီးနင်းခဲ့တဲ့ စစ်အုပ်စုဟာ လေဖြတ်နေသူတစ်ဦးအပါအဝင် ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုက ဆင်မြေရွာကို လေးရက်ကြာစီးနင်းလုယက်မီးရှို့ချိန်မှာ လေဖြတ်ဝေဒနာကြောင့် ထွက်မပြေးလိုက်နိုင်တဲ့ အသက် ၆၀ ခန့်အရွယ် အမျိုးသားတစ်ဦးကို နေအိမ်ထဲထည့် မီးရှို့သတ်ဖြတ်ခဲ့သလို ဆင်မြေရွာနဲ့တဆက်တည်းဖြစ်တဲ့ ငါးလုံးတင်ရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုပါဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်၊ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အသတ်ခံရတဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းကို စစ်ကြောင်းပြန်ထွက်သွားပြီး ဒေသခံတွေက ရွာထဲဝင် အပျက်အစီးရှင်းလင်းရေးလုပ်ချိန်မှာ တွေ့ခဲ့ရတယ်လို့ ဆင်မြေရွာဒေသခံက ပြောပါတယ်။



“လေဖြတ်နေတဲ့အဖိုးကြီးကတော့ အသက် ၅၀ ကျော် ၆၀ လောက်တော့ရှိပြီ။ သူ အသတ်ခံရတာက ဇွန်လ ၁၁ ရက်နေ့လောက်ဖြစ်မယ်။ နေအိမ်ထဲထည့်ပြီး မီးရှို့ထားခဲ့တာ။ နောက်တစ်ဦးက ငါးလုံးတင်ရွာက အသက် ၃၀ ကျော် အမူးသမား။ အဲဒီအမျိုးသားကိုတော့ သူတို့(စစ်အုပ်စု)က ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီးမှ မီးရှို့ပြီးတော့သတ်ထားခဲ့တာ”လို့ ဆင်မြေရွာ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ ချောင်းဦး-ရေစကြိုကားလမ်း ဝဲ/ယာကကျေးရွာတွေကို စီးနင်းချိန်မှာလည်း ရွာတော်လေးကျေးရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
ချောင်းဦးမြို့နယ် တောင်ခြမ်းနဲ့အရှေ့ခြမ်းကို မေလ ၃၁ ရက်နေ့ကစပြီး ဇွန်လ ၁၂ ရက်နေ့အထိ ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးစီးနင်းခဲ့တဲ့စစ်အုပ်စုဟာ ဆင်မြေကျေးရွာက မဟာလာဘမုနိ ရှေးဟောင်းနှီးဘုရားအပါအဝင် ဆင်မြေရွာ၊ ငါးလုံးတင်ရွာနဲ့ မှန်ချိုရွာတို့က အိမ်ခြေစုစုပေါင်း ၃၀၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ကနဦးပြောဆိုထားပါတယ်။
စစ်အုပ်စုဟာ ဆင်မြေရွာအတွင်းက စာသင်ကျောင်းနဲ့ လူနေအိမ်တွေမှာပါ မိုင်းတွေတပ်ဆင်ထားခဲ့တာကြောင့် ဒေသခံတွေဟာ အခုထိ ရှင်းလင်းရေးလုပ်ဆောင်နေရပြီး မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်အတိအကျကိုလည်း စာရင်းကောက်ယူနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆင်မြေရွာကတော့ မီးလောင်ပျက်စီးတဲ့ အိမ်ခြေစာရင်းက ၂၀၀ ကျော်မယ်။ ၂၅၀ နီးပါးလောက်တော့ ရောက်သွားနိုင်တယ်။ ရွာက အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတာဆိုတော့ သုံးပုံ နှစ်ပုံလောက် ပြာကျသွားတာပေါ့။ အခုထိ စာရင်းကောက်နေတုန်းပဲ။ မီးလောင်အပျက်အစီးတွေနဲ့ နင်းမိုင်းတွေလည်း ရှင်းနေတုန်းပဲ”လို့ ဆင်မြေရွာ ဒေသခံက ဆိုပါတယ်။
စစ်အုပ်စုကစီးနင်းခဲ့တဲ့ ငါးလုံးတင်၊ ဆင်မြေနဲ့ မှန်ချိုကျေးရွာတွေဟာ ချောင်းဦး-ရေစကြို ကားလမ်းဘေးမှာ တဆက်တည်းတည်ရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ဆင်မြေရွာက အိမ်ခြေ ၅၀၀ ဝန်းကျင်၊ ငါးလုံးတင်ရွာက အိမ်ခြေ ၇၀၀ ကျော်နဲ့ မှန်ချိုရွာကတော့ အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ကျေးရွာအုပ်စုကြီးတွေလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ရွာသူ/သားအများစုဟာ ကျေးရွာထဲပြန်လည်ဝင်ရောက် နေထိုင်လို့မရသေးသလို မီးဘေးသင့်မိသားစုတွေနဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်းနဲ့ငွေကြေး စတဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီထောက်ပံ့ရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။
MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



