ဆောင်းပါး

ထိုင်းရောက် ရွေ့ပြောင်းလုပ်သားတွေရဲ့ သဘောထားကိုပြခဲ့ကြတဲ့ ကြိုတင်မဲ၊

ရွေးကောက်ပွဲတွင်ဆန္နမဲမပေးသည့် ထိုင်းရောက်မြန်မာများ ကိုစစ်ကောင်စီက မူဝါဒအရ နှိပ်ကွပ်နိုင်သော်လည်း ရွေ့ပြောင်းလုပ်သားများက လာမည့်ဘေးပြေးတွေ့ရန်သာ ဆုံးဖြတ်ထားသည်။

မှူးအိန်ဂျယ်လ်/MFP၊ အောက်တိုဘာ – ၂၉

“ကိုယ်တိုင်က စစ်တပ်ရွေးကောက်ပွဲကို သပိတ်မှောက်မှာဆိုတော့ မဲထည့်မှာမဟုတ်ဘူး “လာမည့် ဒီဇင်ဘာမှာ ပြုလုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရောက် သတင်းထောက် တစ်ဦးက မှတ်ချက်ပြုပါတယ်။

သန်းနဲ့ချီတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဆန္နမဲကိုရဖို့ စစ်ကောင်စီ ဟာ သက်ဆိုင်ရာနိုင်ငံသံရုံးတွေမှာ ကြိုတင်မဲပေးဖို့ အကြိမ်ကြိမ်တိုက်တွန်းပြီး ကြိုတင်မဲပေးရမဲ့ ရက်ကို စက်တင်ဘာလကနေ အောက်တိုဘာလအတွင်း အကြိမ်ကြိမ်တိုးမြင့်ခဲ့ပါတယ်။ ယခုလ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တော့ ပြည်ပရောက်ရွေ့ပြောင်းတွေ ကြိုတင်မဲပေး နိုင်တဲ့နောက်ဆုံးနေ့ကျော်လွန်ခဲ့ပါပြီ။

ရွေ့ပြောင်းလုပ်သားအများဆုံးရှိတဲ့ ထိုင်းနိုင်ငံမှာတော့ ဒီကြိုတင်မဲပေးမှုအခြေအနေက ရွေးကောက်ပွဲကို ထိုင်းရောက်ပြည်သူအများစုက ဆန့်ကျင်ထားကြတာကို သက်သေထူ နေပါတယ်။ MFP က စုံစမ်းမှုတွေအရ ထိုင်းနိုင်ငံမှာကြိုတင်မဲပေး သူဟာ သံရုံးဝန်ထမ်းတွေကလွဲလို့ လူဦးရေ ရာဂဏန်းတောင် မပြည့်ဘူးလို့ဆိုပါတယ်။

ဒါပေမယ့် ပြည်ပရောက်လူသန်းပေါင်းများစွာ မပေးဘဲဆန့်ကျင်ထားကြတဲ့မဲတွေကို စစ်ကောင်စီက သွယ်ဝိုက်သောနည်းဖြင့်အမြတ်ထုတ်သွားနိုင်တာကို သတိချပ်ရမယ်လို့ အမည်မဖော်လိုတဲ့ပြည်တွင်း နေ ရွေးကောက်ပွဲလေ့လာသူတဦးက MFP ကို ပြောပါတယ်။

အကြောင်းအရင်းကတော့ ယခုရွေးကောက်ပွဲမှာ အသုံးပြုတဲ့အချိုးကျကိုယ်စားပြုစနစ်(PR) နဲ့ နိုင်သူအကုန်ယူ(FPTP) ကိုပေါင်းစပ်ပြင်ဆင်လာခြင်းအားဖြင့် ဆန္နမဲပေးသူနည်းလေလေ အင်အားကြီးပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီ (USDP) အနိုင်ရဖို့အခွင့်အလမ်းများလေ ဖြစ်တယ်လို့ လေ့လာသူက ဆိုပါတယ်။

■ ရွေ့ပြောင်းလုပ်သားတွေရဲ့မဲ အသည်းအသန်လိုချင်နေတဲ့နိုင်ငံရေးပါတီတွေ၊

စစ်အုပ်စုရဲ့ အလုပ်သမားဝန်ကြီးဌာန ၂၀၂၃ ခုနှစ် စာရင်းတွေအရဆိုရင် မြန်မာနိုင်ငံသား ၅ သန်း က ပြည်ပမှာရွေ့ပြောင်းလုပ်သားအဖြစ်နဲ့ ရောက်ရှိနေတယ်လို့ဆိုပါတယ်။ လက်တွေ့မှာတော့ ဒီ့ထက်ပိုများတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ခန့်မှန်းထားပြီး ပြည်ပထွက်ခွာသူ ၇၀ရာခိုင်နှုန်းခန့်ဟာထိုင်းနိုင်ငံမှာလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။

စစ်အုပ်စုကြောင့်နေရပ်စွန့်ခွာထွက်ပြေးလာရပြီး မဲဆောက်မြို့မှာ အခြေချနေထိုင်ရတဲ့ စီးပွားရေး လုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်သူ ကိုညီ (အမည်လွှဲ) ကတော့ မဲပေးစရာ အကြောင်းကို မရှိဘူးလို့ ပြတ်ပြတ် သားသားပြောပါတယ်။ သူက အထောက်အထားအပြည့်အစုံနဲ့ မဲဆောက်မြို့မှာ နေထိုင်သူ တစ်ဦးဖြစ်ပြီး စစ်အုပ်စု ရွေးကောက်ပွဲက ယုံကြည်စရာအကြောင်းမရှိတဲ့အတွက် မဲပေးစရာအကြောင်းမရှိဘူးလို့ မှတ်ချက်ပြုပါတယ်။

“ပြည်ပရောက်သူတွေအနေနဲ့ ဘာတွေ နားလည်ထားလဲ ဆိုရင်တော့ ပြည်ပရောက်တဲ့ သူတွေတော်တော်များများက လုံးဝ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မသိအမှတ်မပြုတာ ၉၀ ရာခိုင်နှုန်းမက ဘူးပေါ့

နော်၊ သူတို့နဲ့ ဆက်စပ်ပတ်သတ်တဲ့ အုပ်စုကတော့လည်း ရှိမယ် ။ အဲတော့ ၉၀ ရာခိုင်နှုန်း ကတော့ လုံးဝ လက်မခံတဲ့အတွက် ဘာကြိုတင်မဲမှ ပေးမှာ မဟုတ်ဘူး“ လို့သူက ပြောပါတယ်။

ပြည်ပက မဲတွေဟာ ရလဒ်ကိုပြောင်းလဲနိုင်တဲ့ အရေအတွက် ဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေကလိုချင်ကြပါတယ်။ နာမည်ကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ပြည်သူ့ရှေ့ ဆောင်ပါတီ (PPP) ပါတီရဲ့ CEC အဖွဲ့ဝင် ဦးစိုင်းလင်းနဲ့ ကိုကျော်မင်းထက် တို့ဟာ စက်တင်ဘာ ၃၀ရက်နေ့က ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ ရှိတဲ့ စီအိုင်ရုံးခန်း (အလုပ်သမားမှတ်ပုံတင်ရုံး)ကို အလွတ်သဘော သွားရောက်ပြီးစည်းရုံးခဲ့ပါတယ်။

ဒီလို သွားရောက်စည်းရုံးခဲ့ရာမှာ စက်ရုံလုပ်သားတွေနဲ့ နိုင်ငံရေး ပါတီတွေအကြား အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ PPP ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင်ကတော့ အဲဒီဖြစ်စဉ်က မဲဆွယ်စည်းရုံးတာမဟုတ်ဘဲ voter education (ရွေးကောက်ပွဲပညာပေး) အဖြစ်နဲ့ လုပ်ဆောင်ခဲ့တာလို့ အောက်တိုဘာ ၈ ရက်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုခဲ့ပါတယ်။ ရွေ့ပြောင်းလုပ်သားတွေကို မျက်စိစမ်းသပ်ပေးတယ်၊ မျက်မှန် အလကားပေးတယ်၊ ဆေးကုသမှုတွေ ပြုလုပ်ပေးတယ်လို့ ဆိုပေမယ့်မဲဆွယ်စည်းရုံးရေးမလုပ်ဘူးလို့ သူမကဆိုပါတယ်။

“ပါတီစည်းရုံးရေး လုပ်တာမဟုတ်ပါဘူး။ ပါတီအကြောင်းသိကောင်းစရာ ၊ ပါတီရဲ့ မူဝါဒတွေကို သိဖို့ ပြည်သူလူထုသိရှိဖို့ နောက်ပြီး ပါတီအကြောင်း ကို ကျမတို့ ပြောတာဖြစ်ပါတယ်။ ကျမတို့ ပါတီကို မဲထည့်ပါလို့ တခွန်းမှမပြောပါဘူး။ “ လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

ရွေ့ပြောင်းလုပ်သားတွေရဲ့ မဲကိုလိုချင်တဲ့ နိုင်ငံရေးပါတီတွေထဲမှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ (PP) လည်းအပါအဝင်ပါ။ ဦးကိုကိုကြီးဟာပါတီသတင်းစာရှင်းလင်းပွဲတွေမှာ နိုင်ငံခြားကို အလုပ်သွားလုပ် သူတွေအတွက် မူဝါဒ၊ပေါ်လစီတွေအကြောင်းပြောလေ့ ရှိပါတယ်။ ပြည်ပရောက်နိုင်ငံသားတွေ အတွက် စစ်မှုထမ်းဥပဒေအရ ချမှတ်ထားတဲ့ လူငယ်အသက်အရွယ်ကိုပြင်ဆင်ဖို့လိုတယ်လို့ ပြောခဲ့ပြီး တကယ်တော့ သူဟာ ပြည်ပရောက်သူတွေရဲ့ မဲကို လိုချင်ပါတယ်။ ဒါပေမယ့်သူဟာ ထိုင်းရောက် မြန်မာတွေကို လွှမ်းမိုးမှုရှိတဲ့ပါတီမဟုတ်ပြန်ပါဘူး။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း မဲဆွယ်စည်းရုံးတာတွေရှိတယ်လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက်အဝေးရောက် ဧရာဝတီအသင်း (Over Seas Irrawaddy Association -OIA) အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ကိုဖိုးသင်္ကြန် က ပြောပါတယ်။ OIA အသင်းက မဲဆောက်မြို့ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ နဲ့ စစ်အုပ်စုရန်ကြောင့်ထွက်ပြေးခိုလှုံလာသူ တွေကို ကူညီထောက်ပံ့ နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

“မဟာချိုင်ဆိုတာ နည်းနည်း ဝေးပါသေးတယ်။ အကိုတို့ ဒီနယ်စပ်မှာရှိတဲ့ တော်လှန်ရေးအင်အား စုတွေ activist တွေ CDMတွေ အစုအဖွဲ့တွေ အများကြီးရှိတဲ့ မြို့ကိုတောင်မှာ တချို့တချို့သော ပုဂ္ဂိုလ်တွေ ကျန်းမာရေးအကြောင်းပြချက် ဟိုအကြောင်းပြချက် ဒီအကြောင်းပြချက်နဲ့ ရောက်လာ ပြီးတော့ ဟိုလူနဲ့ တွေ့ပါရစေ ဒီလူနဲ့ တွေ့ပါရစေ ဆိုပြီးတော့ လိုက်ပြီးတော့ခွင့်တောင်းတာတွေရှိပါတယ်” လို့သူက ဆိုပါတယ်။

သမာရိုးကျ ပြုလုပ်တဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ စစ်အုပ်စုရဲ့ ထွက်ပေါက်အဖြစ်နဲ့ လုပ်ဆောင်တဲ့ ရွေးကောက်ပွဲလို့ လက်ခံထားကြတာကလည်း ပြည်သူတွေမဲမပေးကြတဲ့အကြောင်းအရင်းတစ်ချက် ဖြစ်တယ်လို့ ကိုရီးယားနိုင်ငံမှာနေထိုင်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) အဖွဲ့ရဲ့ ပူးတွဲ ဥက္ကဌ ဦးဝင်းပေါ်မောင်က ပြောပါတယ်။

“ ရွေးကောက်ပွဲကဘာရလဒ်ပဲ ထွက်လာလာလူထုက လက်ခံမှာ မဟုတ်ဘူး။ လူထုလက်မခံရင် ဘယ်သူ့အတွက်မှ ထွက်ပေါက် မဖြစ်နိုင်ဘူး” လို့သူကပြောပါတယ်။

ချင်းမိုင်မြို့မှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦးဖြစ်သူ မဝေ(အမည်လွှဲ) ကလည်း စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲကိုအယုံအကြည်မရှိဘူးလို့ ပြောပါတယ်။

“စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲအပေါ်ကတော့ အယုံအကြည် လုံးဝ မရှိဘူး။ သူတို့က အတင်း မဖြစ်ဖြစ်အောင် လုပ်နေတယ်။ နောက်ပြီးရင် သူတို့ လက်ခုပ်ထဲမှာပဲ ဖြစ်တဲ့အတွက် သူတို့ကလိမ်လို့ ရတဲ့ပုံစံအနေအထား တွေလဲ ရှိတယ်” လို့သူမကဆိုပါတယ်။

မဲဆောက်မြို့မှာနေထိုင်တဲ့ကိုညီကတော့ ရွေးကောက်ပွဲနဲ့ပတ်သတ်လို့မျက်စိပိတ်နားပိတ်ထားပြီး စိတ်မဝင်စား ဘူးလို့ဆိုပြန်ပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ ကျွန်တော်တို့က သူတို့ ထုတ်ပြန်ထားတာမသိဘူး၊ နောက်တစ်ခုက သူတို့ ရွေးကောက်ပွဲကို အသိမှတ်မပြုတဲ့အတွက် သူတို့ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ စည်းမျဉ်း ထုတ်ပြန်ချက်တွေကို စိတ်မဝင်စားတဲ့ အခါကြတော့ ဘယ်ဟာကိုမှ မလေ့လာဘူး။ မသိလည်း မသိဘူး။ မဖတ်လည်း မဖတ်ဘူး” လို့သူကဆိုပါတယ်။

■ မဲမပေးလို့ နှိပ်ကွပ်နိုင်သလား

ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက် လာပြီး အခြေချနေထိုင်သူ အမျိုးသမီး တစ်ဦးဖြစ်တဲ့ မခင် (အမည်လွှဲ) ကလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိဘူးလို့ ပြောပါတယ်။ မခင် ကလက်ရှိမှာ ပန်းရောင်ကတ်လို့ ခေါ်တဲ့ အလုပ်သမားကတ်ကို ရရှိ ထားပြီးတော့ စီအိုင် (Certificate of Identity – CI) လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ကိုတော့ မရရှိသေးပါဘူး။ ဒါ့ကြောင့်မဲမပေးဘဲ နေတဲ့အခါ CI လုပ်ရင် မြန်မာ အာဏာပိုင်တွေက အညိုးအတေးနဲ့ နေထိုင်ခွင့်အပေါ် နှိပ်ကွပ်မှာကို သူမကစိုးရိမ်ပါတယ်။

ချင်းမိုင်မြို့နေ မဝေ (အမည်လွှဲ) ကတော့ တော်လှန်ရေးတပ်တွေက မဲမပေးဖို့အတွက် ဖိအားပေး တာရှိသလို စစ်အုပ်စု ဘက်ကလည်း မဲပေးဖို့အတွက် ဖိအားပေးတာတွေရှိတဲ့အတွက် အဲဒီနှစ်ခု ကြားထဲမှာ ပြည်သူတွေက ကြားညှပ်နေမှာကို စိုးရိမ်မိတယ်လို့ သူ့အမြင်သဘောထားကို ပြောပြပါတယ်။

“မဲမပေးတဲ့ သူဘက်ကိုတော့ စစ်ကောင်စီက ဖိအား ပေးမှာကို သေခြာတယ်။ စိုးရိမ်တယ်ဆိုတာထက် အဲဒါ သေကိုသေချာတယ်။ နောက်တစ်ခုရှိတာက ကျွန်မဘာကိုစိတ်ပူလည်း ဆိုတော့ တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကလည်း မဲမပေးဖို့အတွက်ဆိုပြီး ဖိအားပေးတာတွေ ရှိတယ်၊ ဒီဘက် စစ်အုပ်စုက လည်း မဲပေးဖို့ဆိုပြီး ဖိအားပေးတယ် အဲဒီကြားထဲမှာ ပြည်သူတွေ ညှပ်နေမှာ ကိုပဲ ကျွန်မက တစ်ခု စိုးရိမ်မိတာ ရှိတယ်။”လို့သူမက ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ အလုပ်သမားဗီဇာ နဲ့ မဟုတ်ဘဲ အခြားဗီဇာအမျိုးအစားတွေနဲ့ ရောက်ရှိ နေထိုင်သူအချို့ကတော့ ကြိုတင်မဲ မထည့်ခဲ့ရင် စစ်အုပ်စုရဲ့ သံရုံးက ဒုက္ခပေးနိုင်မလားဆိုတဲ့ ကြောက်ရွံ့မှုတွေ ရှိနေပါတယ်။

“ကျွန်မက ED ဗီဇာကိုင်ထားတာ ဖြစ်တဲ့ အတွက်ကြောင့် ကျွန်မရဲ့ ပြည်ပမှာ နေထိုင်ခွင့် တစ်စုံတစ်ရာသက်ရောက်မှာ၊ အကြပ်ကိုင်မှာ စိုးရိမ်တယ်။” လို့ မဝေက ပြောပါတယ်။

မဲမထည့်ရင် စစ်အုပ်စုရဲ့ ဒုက္ခပေးနိုင်မလားဆိုပြီး ကြောက်ရွံနေရသူတွေ ရှိသလို နိုင်ငံသားအခွင့်အရေး အရ မဲမပေးဘူးဆိုတဲ့သူတွေလည်း ရှိပါတယ်။

ကိုရီးယားနိုင်ငံမှာနေထိုင်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) အဖွဲ့ရဲ့ ပူးတွဲ ဥက္ကဌ ဖြစ်သူ ဦးဝင်းပေါ်မောင်ကတော့ “ဖိအား မရှိနိုင်ပါ။ စိုးရိမ်စရာလည်း မရှိပါ။ မဲ မထည့် လေ ကြိုက်လေပဲကိုး။ ဒါပေမဲ့ ဟန်ပြဖြစ်အောင် ဒီကာလအတွင်း သံရုံးကို လာသူတွေကို ဖောင်ဖြည့်ခိုင်းတာ ရှိမယ်။ ကြိုတင်မဲအတွက် မဲရုံဖွင့်မယ်။ သူတို့လူအချို့ မဲထည့်မယ်။ ဒီလောက် ပါပဲ။”လို့ သူ့အမြင်ကို ပြောပါတယ်။

■ ရွေးကောက်ပွဲ ၃ ကြိမ် နဲ့ ရွေ့ပြောင်းလုပ်သား မဲထည့်မှု

၂၀၁၀ ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အခြေအနေတွေနဲ့ ရွေ့ပြောင်းလုပ်သားတွေရဲ့ မဲထည့် ဝင်မှုအခြေအနေတွေကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိတာနဲ့အတူ Vote ၊ No Vote လွန်ဆွဲပွဲနဲ့ စစ်အုပ်စုနောက်ခံ USDP ပါတီက အနိုင်ရခဲ့ပါတယ်။ အဲဒီအနိုင်ရရှိမှုမှာ မဲလိမ် ၊ မဲခိုး တယ်လို့ စွပ်စွဲချက်တွေ များစွာရှိခဲ့သလို ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေလည်း မဲထည့်ဝင်မှု နည်းပါးခဲ့ပါတယ်။

အဲဒီလို ၂၀၁၀ ခုနှစ်မှာ ထိုင်းရောက် မြန်မာတွေ မဲထည့်ဝင်မှုက ပြည်တွင်းက သူတွေနဲ့အတူတူ နည်းပါးခဲ့တယ်လို့ OIA အဖွဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ကိုဖိုးသင်္ကြန် က ပြောပါတယ်။

“၂၀၁၀တုန်းကတော့ တို့ပြည်သူတွေ အများစုမပါဝင်ဘူး။ ထိုင်းရွေ့ပြောင်းအလုပ်သမားတွေက ပြည်တွင်းက သူတွေနဲ့ တူတူပဲ မပါဝင်ဘူး။ အဲဒီတုန်းကလည်း ကြိုတင်မဲတွေ ပေးဖို့ လုပ်ခဲ့တာပဲ ။ ဒါပေမယ့် သူတို့ အရာမထင်ခဲ့ပါဘူး”လို့ဆိုပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုတော့ ဦးသိန်းစိန် အစိုးရလက်အောက်မှာ ကျင်းပခဲ့ပေမယ့် NLD ပြန်လည် ပါဝင်ပြီး ပြည်တွင်း ပြည်ပ မဲပေးသူ အများစုက ထောက်ခံပါဝင်ခဲ့တာကြောင့် ၈၀ ရာခိုင်နှုန်းနဲ့ NLDဟာ မဲအများဆုံး ရရှိခဲ့ပါတယ်။ အဲဒီနှစ်အတွင်းမှာ နိုင်ငံပေါင်း ၄၀ ကျော်က ပြည်ပ ရောက် ရွေ့ပြောင်း လုပ်သား ၃၀၀၀၀ ကျော်လောက်ထိ မဲပေးခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အ စိုးရလက်ထက်မှာ ကျင်းပခဲ့ပါတယ်။ COVID-19 အခြေအနေကြောင့် စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် မဲပေးမှုဟာ ၂၀၁၅ ထက်တောင် များပြားခဲ့ပြီး NLDကပဲ အနိုင်ရရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော်က ပြည်ပရောက် ရွေ့ပြောင်း လုပ်သား ၁၀၀၀၀၀ အထိ မဲပေးခဲ့ပါတယ်။

ပြည်ပရောက် ရွေ့ပြောင်းလုပ်သားတွေရဲ့ ရွေးကောက်ပွဲ နှစ်အလိုက် မဲစာရင်းတွေကို UECရဲ့ တရားဝင် ဝက်ဆိုဒ်မှာ ထုတ်ပြန်ခဲ့ပေမယ့် စစ်အုပ်စု အာဏာလုယူတဲ့ ၂၀၂၁ခုနှစ်မှာတော့ အဲဒီစာရင်းတွေကို ဖျက်ချခဲ့ပါတော့တယ်။

မကြာမှီ စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာတော့ ပြည်ပရောက်မြန်မာအများစုက မဲမပေးဖို့ ဆုံးဖြတ်ထားကြတာ ထင်ထင်ရှားရှားကိုမြင်ရပါတယ်။ စစ်အုပ်စုအလိုကျရွေးကောက်ပွဲမှာ အင်အားကြီးတဲ့ USDP အနိုင်ရမှာမလွဲမသွေပါ။ ဒီဆုံးဖြတ်ချက်ကို ပြည်သူအများစု လက်မခံဘူး ဆိုတာကတော့ ခြိမ်းခြောက်မှုတွေရှိသော်လည်း မဲပေးဖို့ ငြင်းဆန်နေကြတဲ့ သန်းပေါင်းများစွာသော လူထုက သက်သေပါပဲ။

#Mandalay_Free_Press_MFP

Related Articles

Back to top button