မယ်ထွေးအသားခါးလှတယ်
ဘဝအခက်အခဲများကြောင့် တရုတ်မယားလုပ်ရန်ထွက်ခွာလာသော မိန်းကလေးငယ်တစု၊ခါးသီးလှသည့်ဘဝများကို အမြတ်ထုတ်လိုသူ လက်ထဲရောက်ခဲ့ရသည်။ ဤအဖြစ် အပျက်သည် မြန်မာမိန်းကလေးငယ်များ၏ မလုံခြုံသည့် ဘဝအခြေအနေ နှင့်ပျက်ယွင်းနေသည့် တရားဥပဒေစနစ် ကို မီးမောင်းထိုးပြနေပါသည်။

ထင်လင်း/MFP၊ အောက်တိုဘာ – ၃၁
ရန်ကုန်မှသည် မန္တလေး-အညာ မိုင်ရာချီတဲ့ ခရီးလမ်းကို ကားအဆင့်ဆင့်စီး၊ ဂိတ်အဆင့်ဆင့်ဖြတ်လို့ ခရီးဆက်လာသူကအသက်နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးငယ် မစုမွန် (အမည်လွှဲ)ပါ။ ယခုနှစ် ၂၀၂၅ ၊ ဇန်နဝါရီလနှောင်းပိုင်းမှာစခဲ့တဲ့ ဒီခရီးမှာ သူနဲ့ ရည်ရွယ်ချက်တူတဲ့ အမျိုးသမီးအဖော်သုံးယောက်ပါဝင်ပါသေးတယ်။
နွမ်းပါးတဲ့ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးအရပ်တစ်ခုကနေ ထွက်လာတဲ့ မစုမွန်ရဲ့ ဦးတည်ရာပန်းတိုင်က မူဆယ်မြို့ဖြစ်ပါတယ်။ မူဆယ်ကနေတစ်ဆင့် သူမဆက်သွားလိုတဲ့ နောက်ဆုံးရည်ရွယ်ချက်က တရုတ်အမျိုးသား တစ်ဦး ထံကနေ ငွေကြေးရယူကာလက်ထပ်ပေါင်းသင်းဖို့ပါပဲ။
“တရုတ်မယား သွားလုပ်မလို့” ဆိုတဲ့ စကားလုံးကို သူမက ရဲရဲတင်းတင်းပဲ ဖွင့်ဟပါတယ်။ အညာဒေသက တော်လှန်ရေးတပ်ဖွဲ့ တစ်ခုရဲ့စစ်ဆေးရေးဂိတ်ရောက်လို့ စစ်ဆေးကြတဲ့အခါမှာ သူမက အခုလိုပဲ ဖြေခဲ့တာပါ။
တရုတ်အမျိုးသားတစ်ဦးကို အချိန် သုံးလသာ လက်ထပ်ပေါင်းသင်းရုံနဲ့ မြန်မာကျပ်ငွေ သိန်း ၁၀၀ ကနေ သိန်း ၂၀၀ အထိ ရမယ်လို့ သိထားရကြောင်း မစုမွန်ကို MFP က သွားရောက်မေးမြန်းချိန်မှာ ပြောပါတယ်။
“(သိန်း) နှစ်ရာရချင်ရမယ်၊ တစ်ရာရမယ်၊ အများဆုံးပြောတာတော့ တစ်ရာ၊ မြန်မာငွေ သိန်းတစ်ရာ ရမယ်၊ အဲတော့ သုံးလပြတ်၊ အဲဒါဆိုတော့ ဘယ်သူမဆိုကတော့ လုပ်ချင်ကြမှာပဲလေ၊ သုံးလပြည့် လို့ရှိရင် နင်တို့နေရာပြန်လာလို့ရတယ်ဆိုတဲ့ ပုံစံနဲ့သူတို့ခေါ်တဲ့အတွက် ညီမတို့မှာ မရှိတဲ့လူဆိုတော့ပေါ့နော်၊ မရှိတာလည်း ပါတယ်၊ တစ်ဖက်မှာလည်း စစ်မှုထမ်း ရမှာကို လည်း ကြောက်တာလည်းပါသလို အဲဒါနဲ့ အဲဒီနေရာကို ရွေးချယ်လိုက်တာပေါ့နော်” လို့ သူမက MFP ကို ပွင့်လင်းစွာဆိုပါတယ်။
မိခင်မရှိတော့တဲ့ မစုမွန်တို့ မောင်နှမ ၆ ယောက်မှာမစုမွန်ဟာ အကြီးဆုံးသမီးပါ။ မစုမွန်က အထည်ချုပ်စက်ရုံ တစ်ခု မှာ တစ်လ လုပ်အားခ ငွေကျပ်နှစ်သိန်းကနေ သုံးသိန်း ခန့်နဲ့ မိုးလင်းမိုးချုပ် အလုပ်လုပ်ရပါတယ်။ ကျပန်းလုပ်သားဖခင်ရဲ့ တစ်ရက်ဝင်ငွေ ကျပ်နှစ်သောင်းလောက်နဲ့ သူမရဲ့ဝင်ငွေဟာ ဒီအိမ်ထောင်စုအတွက် ဘယ်လိုမှ မလောက်ငှဘူးလို့ သူမက ပြောပါတယ်။
ဒီလို စားဝတ်နေရေး အကျပ်အတည်း အပြင် မစုမွန်အတွက် နောက်ထပ်ပြဿနာတစ်ခုကတော့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အမျိုးသမီးတွေကိုအာဏာသိမ်းစစ်အုပ်စုက အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ယူနေခြင်းပါ။ ဒီလို ပူပန်မှုတွေ များစွာထဲမှာ လွတ်မြောက်လမ်းရှာဖို့ မစုမွန်ကြံစည်ခဲ့တာကတော့ တရုတ်မယားလုပ်ဖို့ဖြစ်တယ်လို့ သူမက MFP ကို ရင်ဖွင့်ပါတယ်။ မစုမွန်တစ်ယောက် ပွဲစားအမျိုးသမီး တစ်ဦးနဲ့ အွန်လိုင်းကတဆင့် ချိတ်ဆက်မှုရပြီး တစ်လလောက် အချိန်ယူစဉ်းစားပြီးတဲ့နောက်မှာတော့ သူငယ်ချင်းနဲ့ တိုင်ပင်ကာ ပွဲစားနဲ့လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။
မစုမွန်နဲ့အတူပါလာတဲ့ နောက်အမျိုးသမီးတစ်ဦးကတော့ မအေး (အမည်လွှဲ) ပါ။ သူမရဲ့အခက်အခဲ ကလည်းမစုမွန်နဲ့အလားတူပါပဲ။ စားဝတ်နေရေးပြဿနာအပြင် အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်မယ်ဆိုတဲ့ မြို့ပြအခက်အခဲကနေ ရုန်းထွက်ဖို့ ဒီလမ်းကို ရွေးချယ်ခဲ့တာလို့ မအေးက ဝန်ခံပါတယ်။
“ကောင်လေးနဲ့ လက်ထပ်ရမယ်၊ ဒါပေမဲ့ သူက တရားဝင် မင်္ဂလာဆောင်ပေးမယ်၊ ပြီးရင် သူတို့ တင် တောင်းတဲ့ ပိုက်ဆံ၊ ထပ်ပြီးတင်တောင်းတဲ့ဟာကို ကိုယ့်အိမ်ကို ကိုယ်ပေးလို့ရတယ်၊ ပြီးရင် ကောင်လေးဆီမှာ သုံးလလိုက်နေရမယ်၊ သုံးလပြည့်ရင်ပြန်ခိုင်းမယ်၊ အဲလိုပြောတယ်” လို့ မအေးက MFP ကို ပြောပါတယ်။
အတင်းအကြပ်စစ်မှုထမ်းခိုင်းမယ် ဆိုတဲ့အခြေအနေဟာ စားဝတ်နေရေး အတွက်ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ဒီအမျိုးသမီးငယ်အတွက် ခြောက်ခြားစရာဖြစ်ပါတယ်။ တရုတ်အမျိုးသားနဲ့ လက်ထပ်ပြီး ငွေရလာခဲ့ရင် စစ်မှုထမ်းခေါ်ရင်တောင် ငွေပေးပြီး ဖြေရှင်းလို့ ရနိုင်တယ်လို့ သူမတွေးခဲ့ပါတယ်။ ဒါကြောင့် သူငယ်ချင်းဖြစ်တဲ့ မစုမွန်နဲ့ တိုင်ပင်ကာ ခရီးထွက်ခဲ့ ကြတာ ဖြစ်ပါတယ်။
ဒီခရီးမှာ မစုမွန်၊ မအေးတို့နဲ့အတူ ပွဲစားအမျိုးသမီး၊ နောက်ထပ်အမျိုးသမီးငယ်တစ်ဦးတို့ ပါဝင်ပါတယ်။ ခေါင်းဆောင်ဖြစ်သူ ပွဲစားအမျိုးသမီးကတော့ မူဆယ်က ပွဲစားအမျိုးသမီးတစ်ဦးနဲ့ ချိတ်ဆက် ကာ ဒီခရီးကို ဦးဆောင်လာသူပါ။ ခေါင်းဆောင်ဟာ အမျိုးသမီးငယ်တွေ ခေါ်ဆောင်ခ တစ်ဦးစီအတွက် ဆယ်သိန်းကျပ်စီ တရုတ်အမျိုးသားရဲ့ ပွဲစားဆီက ရရှိမှာဖြစ်ပြီးလက်ထပ်ပြီးချိန်မှာလည်း အဆိုပါ အမျိုးသမီးတွေက ဆယ်သိန်းကျပ်စီ ထပ်မံပေးရဦးမှာပါ။
သူတို့အဖွဲ့ဟာ ရန်ကုန်-မန္တလေး တစ်ညအိပ် ခရီးဆက်ပြီးတဲ့နောက် တိုက်ပွဲဖြစ်နေတဲ့ ကားလမ်းမကြီးကို ကွင်းရှောင်တဲ့အနေနဲ့စစ်ကိုင်းတိုင်းဘက်ကို ဝင်ကာ နှစ်ညအိပ်ပြီး ထပ်မံခရီးဆက်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကိုင်းတိုင်းအတွင်း ကွေ့ပတ်ကာ ခရီးဆက်ပြီး စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း အကူး သပိတ်ကျင်းမြို့နယ်ထဲက PDF စစ်ဆေးရေးစခန်းတစ်ခုအရောက်မှာ ဖုန်းတွေ အစစ်ခံရပါတော့တယ်။
သူမတို့ရဲ့အဖွဲ့ထဲမှာ အမျိုးသမီးတစ်ဦးရဲ့ဖုန်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ပုံကို PDF တွေ ရှာဖွေတွေ့ရှိသွားပြီးတဲ့နောက်မှာ သူမတို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြပါတယ်။ အမျိုးသမီးတွေက စစ်သားနဲ့ ပတ်သက်မှုမရှိဘဲ တရုတ်အမျိုးသားနဲ့လက်ထပ်ဖို့သာ ရည်ရွယ်ရင်းဖြစ်ကြောင်း ထုတ်ပြောချိန်မှာ လူကုန်ကူးမှုအမှုတစ်ခုပါ ထပ်တိုးခဲ့ပါတယ်။
ဒါပေမယ့် ဒီအမျိုးသမီးလေးယောက် နောက်ထပ်ကြုံတွေ့ရမယ့် အဖြစ်အပျက်က ပိုဆိုးဝါးမယ်လို့ သူတို့ မမျှော်လင့်ခဲ့ကြပါဘူး။
ထိန်းသိမ်းခံထားရတဲ့ သူမတို့ လေးဦးကို စစ်ဆေးရေးအဖွဲ့မှာပါတဲ့ တိုက်နယ် (ပကဖ တပ်စုမှူး) တစ်ဦးက အမှုတွေကိုအကြောင်းပြကာ အတင်းအဓမ္မ ကာမ ရယူဖို့ ခြိမ်းခြောက်ပါတော့တယ်။
မစုမွန် ရော၊ မအေး(အမည်လွှဲ)တို့ နှစ်ဦးလုံးဟာ အဆိုပါ တပ်စုမှူး PDF ရဲဘော်ရဲ့ သားမယားပြု ပြောဆိုမှုနဲ့ အကြပ်ကိုင်ခြိမ်းခြောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြံစည်တဲ့အခြေအနေကို ကြုံတွေ့ခဲ့ရတာပါ။
သူ့ရဲ့ဆန္ဒကို လိုက်လျောဖို့ အကြိမ်ကြိမ်တောင်းဆိုတာ၊ လက်မခံလို့ ဒေါသထွက်ပြတာတွေ လုပ်ခဲ့တယ်လို့ မအေးက ပြောပြပါတယ်။ ပြစ်မှုကျူးလွန်သူဟာ လက်နက်ပါတဲ့အပြင် ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေအနေနဲ့ အခြားရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ လုံးဝငြင်းလို့ မရချိန်မှာ သူတို့လေးဦးထဲက တစ်ဦးဖြစ်တဲ့ မစုမွန်က အနစ်နာခံဖို့ ဆုံးဖြတ်ခဲ့ရပါတော့တယ်။
အမျိုးသမီးငယ်တွေကို ခြိမ်းခြောက်ပြီး မစုမွန်ထံကို အဓ္ဓမမုဒိမ်းကျင့်ခဲ့သူကတော့ သပိတ်ကျင်းမြို့နယ် ကြာညှပ်တိုက်နယ် ပကဖ အဖွဲ့ဝင် အောင်လှိုင်ဝင်း(ခ) အောင်သူ ဖြစ်ပါတယ်။ မြို့နယ်ထဲက အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ ဒီအကြောင်းအရာကို သိရှိချိန်မှာတော့ ပြစ်မှုကျူးလွန်သူ အောင်လှိုင်ဝင်းကို ဖမ်းဆီးပြီး စစ်တရားရုံးမှာ စစ်ဆေးအရေးယူမယ်လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ MFP အနေနဲ့ မေးခွန်းတွေထပ်မေးဖို့ ကြိုးစားခဲ့ပေမယ့် အသေးစိတ်မေးမြန်းခွင့်မရခဲ့ပါဘူး။
ဒါ့အပြင် လက်ရှိအချိန်အထိ မစုမွန်၊ မအေးတို့အပါအဝင် အမျိုးသမီး (၄) ဦးစလုံးကိုလူကုန်ကူးမှုဥပဒေနဲ့ ထိန်းသိမ်းထားဆဲပါ။
ဒီအဖြစ်အပျက် တစ်ခုလုံးဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေအပေါ် အထွေထွေကြပ်တည်းမှုနှင့် အနိုင်ကျင့်စော်ကားမှုတွေပတ်ပတ်လည် ဝိုင်းနေတဲ့ အဖြစ်ကို ထပ်ဟပ်နေတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ပြောရေးဆိုခွင့်ရှိသူနာင်းမို့မို့က MFP ကို ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တွေ အသီးသီးပေါ်ပေါက်လာပြီး သဘောတရားအားဖြင့် အမျိုးသား ကြီးစိုးတဲ့ အစုအဖွဲ့တွေဖြစ်နေသလို တစ်ဖက်မှာလည်း ဒီအဖွဲ့တွေဟာ လက်နက်ရှိတဲ့အစုအဖွဲ့ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ လက်နက်မဲ့သူ လူနည်းစု အမျိုးသမီးတွေကို ဘယ်လိုလေးစားရမယ်၊ သူတို့ရဲ့အခွင့်အရေးကို မချိုးဖောက်ရဘူး၊ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ မူဝါဒ၊ စည်းကမ်း စည်းကမ်းချက်များ မှာ စနစ်တကျချမှတ်ပြီး ပြင်းပြင်းထန်ထန် တင်းကြပ်ဖို့လိုပြီလို့ သူမက ဆိုပါတယ်။
“ကျူးလွန်ပြီဆိုရင်လည်း ထိထိရောက်ရောက်အပြစ်ပေးဖို့ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်တယ်၊ အဲဒါတွေမှာ ပျက်ကွက်တယ်လို့ကျွန်မသုံးသပ်တယ်” လို့ သူမက ဆိုပါတယ်။ “ဒီကျူးလွန်တဲ့သူတွေက ကြက်ပျောက်ငှက်ပျောက်နဲ့ ဘယ်ရောက်သွားမှန်းမသိတဲ့ လူတွေက နောက်ထပ်လူတွေကို ကျူးလွန်ခွင့်ကို ပေးနေတယ်” လို့ သူမက ထပ်ပြီး ပြောပါတယ်။
တခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံအတွင်းက အမျိုးသမီးအများစုဟာ စီးပွားရေးအရ၊ လူမှုရေးအရ ရှင်သန်ရပ်တည်ဖို့ထွက်ပေါက်အားကိုးရာ ရှာဖွေရင်း တရုတ်မယားအဖြစ် မိမိကိုယ် ကိုယ်ရောင်း ချတဲ့ ဈေးကွက်ဟာ ကျယ်ပြန့်လာခဲ့တယ်။
အထူးသဖြင့် TikTok ချန်နယ်တွေမှာ တရုတ်နိုင်ငံမှာ သွားရောက်လုပ်ကိုင်ဖို့ အသွင်နဲ့ ခေါ်ယူကြသလို တရုတ်မယားအဖြစ် ပေါ်ပေါ်တင်တင်ခေါ်ယူလာတာတွေကို အလွယ်တကူ ချိတ်ဆက်လာနိုင်ပါတယ်။ MFP က စုံစမ်းမှုတွေအရ တရုတ်မယားအဖြစ်လုပ်ကိုင်လိုသူတွေဟာ TikTok ပွဲစားတွေတောင်းဆိုတဲ့ ကိုယ်ရေးအချက်အလက်အနည်းငယ်မျှသာကို ဖြေပေးပြီးရင် ခရီးလမ်းကို အလွယ်တကူပဲ စီစဉ်ပေးနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဌာန်းဥပဒေအရ မြန်မာအမျိုးသမီးတွေ ဆန္ဒအလျောက်၊ တရုတ်နိုင်ငံသားနဲ့ လက်ထပ် ခြင်းကို ကန့်သတ်ထားခြင်းမရှိပါဘူး။ ဒါကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅ နဲ့ အရေးယူကြပါတယ်။ ဒါ့အပြင် ဒီလိုအမျိုးသမီးတွေ ငွေကြေးနဲ့ တန်ဖိုးဖြတ် လက်ထပ်တဲ့ ကိစ္စရပ်ဟာ ရောင်းလိုအားဝယ်လိုအား မျှနေတဲ့အပြင် သဘောဆန္ဒပါဝင်နေတဲ့အတွက် ဖော်ထုတ်အရေးယူဖို့ မလွယ်ဘူးလို့ CDM မြို့နယ်တရားသူကြီး ဒေါ်သဇင်မြက ပြောပါတယ်။
“စားဝတ်နေရေးက မတရားခက်လာတယ် ဆိုတဲ့အနေအထားမှာ စစ်မှုထမ်း ဥပဒေက လည်း တစ်မျိုးဆိုတော့ မြန်မာမိန်းကလေးတွေက အရေးပေါ် ကယ်မယ့်လူ လိုနေတယ်၊ ကိုယ့် အချင်းချင်း ကျတော့လည်း တောင်မင်းကို မြောက်မင်းမကယ်နိုင်ဖြစ်နေတာ” လို့ မြန်မာအမျိုးသမီးတွေ ထွက်ပေါက်ရှာဖွေကြပုံကို သူမက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ၊ ဒေသကို ထိန်းချုပ်ကာကွယ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမျိုးသမီးတွေကို ကာကွယ်ဖို့နဲ့ ခိုင်မာတဲ့ တရားဥပဒေစနစ်တစ်ခု တည်ရှိဖို့ အရေးတကြီး လိုအပ် တယ်လို့ သူမက တိုက်တွန်းပါတယ်။ နယ်မြေတွေကို သိမ်းနိုင်ရုံနဲ့ ပြည်သူ့စိတ်နှလုံးကို မရနိုင်ဘူး၊ အုပ်ချုပ်ရေး အောင်မြင်တယ် မခေါ်ဘူး လို့ သူမက မှတ်ချက်ပေးပါတယ်။
“အများပြည်သူ ယုံကြည်ကိုးစားတဲ့ တရားစီရင်ရေးရှိမှ အုပ်ချုပ်ရေးအောင်မြင်တာ” လို့ သူမက ဆက်ပြောပါတယ်။
ဒီဖြစ်ရပ်မှာ သိသာထင်ရှားတဲ့ သတင်းစကားကို ထပ်လောင်းပြောဆိုရရင် မြန်မာအမျိုးသမီးငယ်တွေရဲ့ စားဝတ်နေရေး အကျပ်အတည်း နဲ့ ဒီ အကျပ်အတည်း ပေါ်မှာ အနိုင်ကျင့်အမြတ်ထုတ်လိုတဲ့ ဖိုဝါဒ ဖြစ်ပါတယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီစည်းမျဉ်းနဲ့ ကျင့်ဝတ်တွေကို နားလည်ပြီး ရန်သူဖြစ်တဲ့ စစ်အုပ်စုရဲ့ စစ်တပ် သဖွယ် မဖြစ်စေဖို့ (WLB) ကပြောရေးဆိုခွင့်ရှိသူ နာင်းမို့မို့က MFP ကို မှတ်ချက်ပေးပါတယ်။
ဖြစ်ပျက်သွားတဲ့ ကိစ္စအတွက် တရားမျှတမှုရှိစေချင်သလို ပြစ်မှုကျူးလွန်သူကို အဲလိုတွေ ထပ်မလုပ်စေချင်ကြောင်းနဲ့ ဒီလိုကျူးလွန်တဲ့ တစ်ဦးတစ်ယောက်ရဲ့ ပြစ်မှုကြောင့် အခြားတော်လှန်ရေးရဲဘော်တွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးတယ်လို့ထိန်းသိမ်းခံထားရသူ မအေးက MFP နဲ့ တွေ့ဆုံချိန်မှာ ဆိုပါတယ်။
“ကိုယ့်အကို ကိုသာ သိရင် ဒါ ငါ့ညီမ လို့ ပြောရမှာကို သိက္ခာကျမှာ၊ ရှက်မှာ ကြောက်တယ်၊ ကိုယ့်ကိုယ် ကိုယ်လေ ဘာမှ မတွေးဘဲနဲ့ သတ်သေပစ်လိုက်ချင်တဲ့ စိတ်တွေကို ပေါက်တယ်ပေါ့နော်၊ အဲလိုစိတ်တွေပါဝင်တယ်၊ ဒါပေမယ့် အသိစိတ်ပြန်ဝင်တဲ့အချိန်မှာ ဪ ငါ့ညီမလေး၊ ငါ့မောင်လေး ဘယ်လို ရပ်တည်မလဲဆိုတဲ့ အတွေးမျိုးက ပြန်ဝင်လာပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဖြေသိမ့်တယ်၊ ခုချိန်ဆို အိမ်ကလည်း တော်တော်စိတ်ပူနေလောက်ပါပြီ၊ အမြန်ဆုံး လည်းပြန်ချင်တယ် အိမ်ကို” လို့သူမက ဆိုပါတယ်။
ဓာတ်ပုံ၊ထင်လင်း – တရုတ်မယားအဖြစ်သွားရောက်ရန် ဆုံးဖြတ်ခဲ့သည့် အမျိုးသမီးငယ်များသည်လက်ရှိတွင် သပိတ်ကျင်းမြို့နယ်အတွင်းထိန်းသိမ်းခံထားရသည်။



